ဥက္ကဌစောဘဦးကြီးကို ကိုယ်တိုင်သင်္ဂြိုလ်ခဲ့သောဆရာတော် A Movin နှင့်တွေ့ဆုံခြင်း

ဥက္ကဌစောဘဦးကြီးကို ကိုယ်တိုင်သင်္ဂြိုလ်ခဲ့သောဆရာတော် A Movin နှင့်တွေ့ဆုံခြင်း
           
            စာရေးသူအမှာစကား။ ယခုဖေါ်ပြမည့်အကြောင်းအရာသည် စကောကရင်ဘာသာဖြင့် မူရင်းရေးသားဖေါ်ပြထားသော ကရင်အမျိုးသားအစည်းအရုံးဥက္ကဌစောဘဦးကြီးကို မည်သို့မည်ပုံ သင်္ဂြိုလ်ခဲ့ကြသည်ကို ရှင်းပြထားသောအကြောင်းအရာဖြစ်ပြီး ဤဆောင်းပါးကို ဖေါတာဆူမဂ္ဂဇင်းမှ ၂၀၀၈ခုနှစ်တွင် ပြန်လည်ဖေါ်ပြ‌သောအကြောင်းအရာဖြစ်ပြီး စာရေးသူ၏ ကလောင်နာမည်ကိုတော့ မဖေါ် ပြလိုတော့ပေ။ သို့သော် ဤရေးသားဖေါ်ပြချက်သည် မူးရင်းစာရေးသူရေးခဲ့သည့် စကောကကရင် ဘာသာမှ မြန်မာဘာသာဖြင့် တိတိကျကျကောက်နှုတ်ဘာသာပြန်ခြင်းမဟုတ်ဘဲ စကားပြေသဘောမျိုးဖြင့် ပြန်လည်ရေးသားခြင်းဖြစ်ကြောင်း ပြေပြလိုပါသည်။ ................................

ဥက္ကဌစောဘဦးကြီးကို ကိုယ်တိုင်သင်္ဂြိုလ်ခဲ့သောဆရာတော် A Movin နှင့်တွေ့ဆုံခြင်း

ညနေခင်း နေဝင်တော့မည့်အချိန်၊ နေရောင်ခြည်ပျောက်လု့နီးနီး မိုးကုတ်စက်ဝိုင်းတစ်ခုလုံး အမှောင်အတိဖုံးလွမ်းလာတော့သည့်အချိန်မှာဘဲ ကျွန်တော်၏ထမင်းအိုးစတင်တည်ကာစဖြစ်ပြီး   ကျွန်တော်၏အိမ်အရှေ့ဘက်ပိုင်းတွင် တပ်မတော်စစ်ကြောင်းလာနေသည်ကို သတိပြုမိသည်။ ထိုအချိန်အခါက မြန်မာ့တပ်မတော်မှာ ဖြတ်လေးဖြတ်ဖြင့် ကရင်အမျိုးသားလွှတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသာ ကရင်ရဲဘော်များ၊ ကရင်ရွာသူရွာသားများကို အမျိုးမျိုးဖိနှိပ်နေသောအချိန်ဖြစ်နေတာကြောင့် စစ်ကြောင်းလာပြီးလို့ သိသည်နှင့်တစ်ပြိုင်နက် ကျေးရွာနေပြည်သူများသည် တပ်မတော်ကို အတွေ့မခံဘဲ ပုန်းနေကြကသည်ကလွဲရင် သူတို့ကိုယ်သူတို့ ဘယ်လိုကာကွယ်နိုင်ပေမည်နည်း။ ချီတက်လာသောစစ်ကြောင်း သည် ကျွန်တော်၏အိမ်ရှေ့ကိုရောက်သည်ကို ကျွန်တော်သိလိုက်သည်နှင့်တစ်ပြိုက်နက် ကျွန်တော်သည် သူတို့မသိအောင် အသံမထွက်ဘဲ တိတ်တိတ်လေး အိမ်နောက်ဖေး မီးဖိုချောင်မှာ ပုန်းနေလိုက်သည်။ ထိုနောက် ကျွန်တော်နာမည်ကို ခေါ်တဲ့အသံကြားလိုက်ရသည်။ စကောကရင်ဘာသာဖြင့် ကျွန်တော်နာမည်ကို ခေါ်ခြင်းဖြစ် သောကြောင့် ကရင်တပ်မတော်စစ်ကြောင်းဖြစ်နေသည်ကို ချက်ချင်းသဘောပေါက်တော့သည်။ ထိုအခါ စစ်ကြောင်းထဲမှာ ပါလာသော ရဲဘော်တစ်ယောက်က ကျွန်တော်အတွက် စာပါသည်ဟု ခေါ်လိုက်သည်နှင့် ကျွန်တော်သည် ချက်ချင်းအိမ်ရှေ့ကို ထွက်လာခဲ့သည်။ သူတို့လည်း ကျွန်တော်ကို စကားတစ်ခွန်းနှစ်ခွန်းပြောပြီး ပြန်ထွက်သွားတော့သည်။ စာအိတ်ထဲမှာ မည်သည့်အကြောင်းအရာပါသနည်းကို သိချင်ဇောဖြင့် ကျွန်တော်ဖွင့် ကြည့်လိုက်သည့်အခါမှာ စာကြောင်းများများမပါသော အကြောင်းအရာဖြစ်လေသည်။
သို့..........................................
            ဥက္ကဌစောဘဦးကြီးကို သင်္ဂြိုလ်သွားသည့် သင်းအုပ်ဆရာသည် Rev. A Movin ဖြစ်သည်ဟု သတင်းရထားတယ်။ ဆရာတော်ထံသို့အကြောင်းအရာအလုံးစုံမေးမြန်းပြီး ကျွန်တော်ကို အမြန်ဆုံးသတင်းပြန်ပို့ ပေးပါ။ သွားရေးလာရေး ကုန်ကျစရိတ်အကုန်လုံး တာဝန်ယူပြီး ပြန်ပေးမယ်။ ယခုအချိန်မှာ တာဝန်ကြောင့် ရှေ့တန်းမှာရောက်နေတယ်။ အမြန်ဆုံးအကြောင်းစုံမေးပြီး ရေးလိုက်ပါ။                                                                                                                                                                                                 ကနဲမီ

ထိုအကြောင်းအရာနည်းနည်းလေးသာပါသော စာကို ကျွန်တော်ဖတ်ပြီးသည်နှင့် စာအိတ်ကို မီးရှို့လိုက်သည်။ Rev. A Movin သည် မော်လမြိုင်မြို့ရှိ St. Matthew အင်္ဂလီကန်ဘုရားကျောင်းမှာ ကျောင်းထိုင် ဆရာတော်ဖြစ်ပြီး အလွန်သဘောမနောကောင်းသော ဆရာတော်ဖြစ်သည်။ ကျွန်တော် မော်လမြိုင်မှာ ကောလိပ်ကျောင်းတက်သောအချိန်တွင် ထိုSt.Matthew အင်္ဂလီကန်ဘုရားကျောင်းတွင် လူငယ်တာဝန်ခံအနေဖြင့် ပါဝင်လှုပ်ရှားပြီး ဆရာတော်၏ လမ်းညွန်သွန်သင်မှုအောက်တွင် ကြီးပြင်းလာခဲ့သော သူဖြစ်သည်။ သို့သော် ဤစာအိတ်ကို ကျွန်တော်ရလိုသောအချိန်မှာမူ ဆရာတော်သည် သက်တော် ၇၀ရှိနှင့်နေပြီး ဖြစ်ကာ ကျောင်းထိုင်ဆရာတော်အနေနဲ့ အနားယူကာ အင်းစိန်မြို့သို့ ပြန်လည်အခြေချနှင့်နေပြီးဖြစ်သည်။ ဆရာတော်နှင့်မတွေသည့်ကား အတော်ကြာပြီးဖြစ်သည်။ (အင်းစိန်မြို့ကို ကရင်လို "နိုတာမလာ" ဟုခေါ်သည်။ "နို" ဆိုတာ အင်း ကိုဆိုလိုပြီး "တာမလာ" ဟူသည်မှာ “တာမလာပလဲ” စိန်ကို ဆိုလိုခြင်းဖြစ်သည်)
မအားမလပ်ဖြစ်ပေမယ့် အချိန်ယူကာ ကျွန်တော် အင်းစိန်မြို့သို့ တက်လာခဲ့ပါသည်။ လမ်းခရီးတစ်လျောက်လုံး ကျွန်တော်တွေးနေသည့်အရာက ဆရာတော်ကိုတွေ့ရင် ဘယ်လိုစပြီး မေးခွန်းတွေ မေးရမလဲ။ ကျွန်တော်မေးလိုက်သည့်အကြောင်းအရာက သတင်းပေါက်သွားရင်လည်း ဆရာတော်နှင့်ကျွန်တော် အဖမ်းခံရနိုင်ဖို့လည်းရှိတယ်။ ဆရာတော်အနေနဲ့ကော ဤအကြောင်းအရာကို ကျွန်တော်အား ပြောရဲပါ့မလား။ ကျွန်တော်မေးမြန်းသည့်အကြောင်းအရာကြောင့် မြန်မာတပ်မတော်နှင့်ထောက်လှန်းရေးများကို ရင်ဆိုင်ရမလား။ ယခုအချိန်မှာ ကိုယ့်လူမျိုးအချင်းချင်းတောင်မယုံရဲတဲ့အချိန်ဖြစ်သည်သာမက တစ်ချို့က သစ္စာဖောက်ပြီး ရာထူး အာဏာရယူကာ သူတို့အသက်ဘေးလွတ်ဖို့လောက်ဘဲတွေးတတ်သူလည်းရှိနေသည်။ တော်လှန်ရေး လုပ်နေသူအချင်းချင်းတောင်မှ စကားပြောရင် ဆင်ချင်ရသေး။ တစ်ချို့မဆင်မချင်ပြောသူများကြောင့် သတင်းပေါက်ကြားတာမျိုးဖြစ်ပြီး မြန်မာစစ်တပ်မှ သတ်ဖြတ်ခြင်းကိုလည်း ခံရပါသေးသည်။ ဤသို့တွေးရင်း ခရီးထွက်ရင်း တစ်ယောက်တည်း အရူးမီးဝိုင်းထဲမှာ ကျွန်တော်သည် ခြောက်ခြားနေခဲ့ရပါသည်။
ရန်ကုန်ရောက်သည့်အခါ ကျွန်တော့်အသိမိတ်ဆွေများထံကို အရင်သွားပြီး ဆရာတော်မူးဘေဘယ်မှာနေ သလဲ မေးမြန်းပြီးနောက် ဆရာတော်ရှိရာ အင်းစိန်မြို့သို့သွားခဲ့သည်။ ဆရာတော်အိမ်ခြံဝန်းထဲရောက်သည့်အချိန်မှာတော့ ဆရာတော်သည် အင်္ကျီအဖြူအောက်ခံနှင့် ဘောင်းဘီအဖြူကိုဝတ်ထားသည်။ ထို့အပြင် ဆံပင်များလည်း ဖြူနေပြီးဖြစ်တာကြောင့် ကျွန်တော့်မျက်လုံးထဲမှာ ဆရာတော်သည် တစ်ကိုယ်လုံးဖြူနေသည့်အလား အထင်းသားဖြစ်နေပါသည်။ ထိုအချိန်မှာ ဆရာတော်သည် ခြံဝန်းထဲရှိ အပင်များကို ရေလှောင်းနေသောအချိန်ဖြစ်ပြီး ဆရာတော်ကို ကျွန်တော် ခေါ်သည့်အခါ ဆရာတော်သည် သူ့၏ရေပုံးထဲကျန်ရှိသောရေကို ဆက်မလှောင်းတော့ဘဲ ကျွန်တော်ကို ခြံအဝသို့ လာရောက်ကြိုကာ ကောင်းကြီးပေး စကားပြောခဲ့သည်။ ကျွန်တော်သည်လည်း ဆရာတော်၏ကျန်နေသောရေပုံထဲရေကို ကိုင်ကာ ရေကုန်သွားအောင်အပင်ရေလှောင်းပေးလိုက်သည်။ ထိုနောက် ဆရာတော်က ကျွန်တော်၏လက်ကိုကိုင်ကာ အိမ်ထဲသို့ဝင်ရန်ခေါ်တော့သည်။
အိမ်ထဲတွင် ကျွန်တော်ကိုမေးခဲ့သည့် ပထမဦးဆုံးမေးခွန်းက "အစည်းအဝေးလာတက်တာလား။"
အဲ့နောက် ကျနော်က "မဟုတ်ဘူးဆရာတော်"
ထိုနောက် ဆရာတော်နှင့်ကျွန်တော် စကားလွေးရင်း အချိန် နာရီတော်တော်များများကုန်ဆုံးသွားခဲ့သည်။ ထိုအခါ ဆရာတော်ကို မေးခွန်းစမေးဖို့ ကျွန်တော်လမ်းစရှာမရသေးဘူး။ ဘာလို့လဲဆိုရင် ဆရာတော်က ကျွန်တော်တို့ဘက်က နိုင်ငံရေးအခြေအနေများမေးမြန်းနေသောကြောင့် ကျွန်တော်မှာသူမေးသည့်အရာကို ဖြေနေရ ပြောနေရပြီး ကိုယ့်ဘက်မေးစရာရှိတာ ဘယ်လိုစရမှန်းမသိဖြစ်နေခြင်းဖြစ်သည်။ ထို့နောက်
ဆရာတော်မှ.........."ပြောရရင် အင်းစိန်မှာနေတဲ့ ငါတို့ ကရင်တွေက စကားပြောတဲ့အခါ အရမ်းသတိထားပြီးပြောဆိုနေရတယ်။.......................... အထူးသဖြင့် နိုင်ငံရေးနဲ့ပတ်သက်ရင် လုံးဝပါးစပ်ထဲကတောင် မဟရဲဘူးဖြစ်နေတယ်။"
ကျွန်တော်လည်း ဆရာတော်ပြောတာကို နကိုကတည်းက သဘောပေါက်ထားပြီးဖြစ်တာကြောင့် စိတ်ခွန်အားကို မြင့်တင်ဖို့ စိတ်ထဲမှာဆုတောင်းလိုက်ပြီး............................
"ဆရာတော်..................ကျွန်တော်ကြားဖူးမိတာက ......ဥက္ကဌစောဘဦးကြီးကို သင်္ဂြိုလ်ပေးရတဲ့သူက ဆရာဖြစ်တယ်လို့ကြားမိတယ်ဆရာ။ အဲ့ဒါဟုတ်ပါရဲ့လားဆရာတော်"
ထို့နောက် ဆရာတော်မှ
"ဟုတ်တယ်......မှန်ပါတယ်။ ကျွန်တော်ကိုယ်တိုင် သင်္ဂြိုလ်ပေးခဲ့ရပါတယ်"
ကျွန်တော်က ဆရာတော်ကို ဆက်ပြီး ဒီအကြောင်းပြောပြဖို့ကမ်းလှမ်းတဲ့အခါ...
တစ်ဆက်တည်းမှာဘဲ ဆရာတော်က
"ခုချိန်ခါမျိုးမှာ......ဒီအကြောင်းနဲ့ပတ်သက် ပြန်မပြောပြချင်ဘူး။ မပြောတာဘဲကောင်းပါတယ်။"
ဆရာတော်၏ စိတ်နေသဘောထားကို ကျနော်ရိပ်မိနေပြီး။ ဆရာတော် ဤအကြောင်းအရာကို ပြောပြချင်စိတ်မရှိတာတော့အမှန်ဘဲ။ ဒါကြောင့် ကျွန်တော်မှ
"ကျွန်တော် ဆရာတော်ဆီကို လာရခြင်းအကြောင်းအရင်းက ကနဲမီးက ကျွန်တော့်ကိုလွှတ်လိုက်တာပါဆရာ။ သူက ဆရာတော်ထံ ဒီအကြောင်းအရာမေးမြန်းခိုင်းလို့ပါ။ ကျွန်တော်ထင်တယ် တော်လှန်ရေးလုပ်တဲ့လူကြီးတွေက ဥက္ကဌစောဘဦးကြီး အသက်ပေးလှုပုံအကြောင်းအရာတွေကို တိတိကျကျ ပိုမိုသိရှိလာဖို့ ကျွန်တော့်ကိုစေလွှတ်တာဘဲလို့ ယူဆတယ်ဆရာ။"
ထိုအခါ ဆရာတော်မှ ခဏတာ တိတ်ဆိတ်နေပြီး..............ဆရာတော်ကဒီလိုပြောခဲ့ပါသည်။
"စောခင်မောင်ရင် (ကရင်ရေးရာဝန်ကြီး)က ဥက္ကဌစောဘဦးကြီးကို သင်္ဂြိုလ်ဖို့ ပြောလာတယ်။ သူက ကျွန်တော့်ကို ခုလိုမပြောခင်မှာ ကရင်နှစ်ခြင်းအသင်းချုပ်မှာ ဆရာတော်နှစ်ပါးကို ဥက္ကဌစောဘဦးကြီးအား ခရစ်ယာန်များ၏ ထုံးတမ်းအစဉ်အလာအရသင်္ဂြိုလ်ဖို့ပြောခဲ့တယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နောက်ပိုင်း ဆရာတော်ကို ကျွန်တော်ခေါင်းထဲသတိရတော့ ဆရာတော်ကိုဘဲ အကူအညီတောင်းလာရခြင်းဖြစ်တယ်လို့ သူပြောလာတယ်။ သူက အကူအညီတောင်းလာတာကြောင့် ကျွန်တော်လည်း ခရစ်ယာန်ဆရာတော်တစ်ပါးအနေနဲ့ သွားသင့်၊ သွားထိုက်တာကြောင့် သွားဖို့ကတိပေးလိုက်တယ်။"
"မိုးရာသီဖြစ်တာကြောင့် အဲ့ဒီညမှာ မိုးသဲကြီးမဲကြီးရွာတယ်။ သို့သော် မနက်မိုးလင်းလာတော့ မိုးက အရင်လို သဲကြီးမဲကြီးမရွာဘဲ ဖြစ်နေတယ်။ ဥက္ကဌကြီးကို ဘယ်မှာသွားပြီးသင်္ဂြိုလ်မလဲဆိုတာတော့ ကျွန်တော် မသိခဲ့ဘူး။ သို့သော် ဥက္ကဌစောဘဦးကြီး၏အလောင်းတော်ကို သယ်ဆောင်သွားသောယဉ်က ပင်လယ်ကမ်းစမှာ ရပ်သောအချိန်မှာ ဤနေရာသည် ကျိုက္ခမီပင်လယ်ဝဖြစ်နေသည်။"
" အချိန်က မနက် ၈း၀၀နာရီမထိုးခင်အချိန်ဖြစ်နေပြီး, ဥက္ကဌစောဘဦးကြီးအလောင်းတော်ကိုတင်ဖို့ မော်တော်ဘုတ်အသေးစားက အဆင်သင့်စောင့်နေတယ်။ မော်တော်ဘုတ်အသေးပေါ် ဥက္ကဌအလောင်းတော်ကို တင်ပြီး စထွက်ချိန်တွင် ၈း၀၀နာရီးမထိုးသေးပေ။ ကျွန်တော်တို့ စီးသွားခဲ့တဲ့ မော်တော်ဘုတ်က တစ်စင်းလား၊ နှစ်စင်းလား၊ သုံးစင်းလားတော့ အတိအကျမမှတ်မိတော့ပါဘူး။ ပင်လယ်နက်ထဲ မော်တော်ဘုတ်သွားတဲ့အခါ ဥက္ကဌအလောင်းတော်လည်း တစ်ခါတည်းပါသွားပြီး ထိုမော်တော်ဘုတ်သည် အရှေ့မှဦးဆောင်သွားနေခဲ့သည်။ ပင်လယ်ကမ်းစနဲ့ အတော်အတန်ဝေးသော နေရာရောက်သည့်အခါမှာတော့ သူတို့ မော်တော်စက်ရပ်လိုက်တော့သည်။ ပင်လယ်ထဲမှာ သင်္ဂြိုလ်ရတာဖြစ်တာကြောင့် Sea Burial လို့ခေါ်ရမှာပေါ့။ ကျွန်တော်ကစပြီး ကျမ်းစာဖတ် စကားတစ်ခွန်းနှစ်ခွန်းပြောပြီး ဥက္ကဌကို သင်္ဂြိုလ်ဖို့ပြောလိုက်တယ်။ ဥက္ကဌ၏ ခေါင်းတလားသည် တစ်ပြင်လုံးအမဲရောင်ဖြင့်သုတ်လိမ်းထားပြီး တစ်ဖက်တစ်ချက်တွင် သံကြိုးဖြင့်ချည်ထားပြီး ထိုသံကြိုးများကို ထုထည်ကြီးမားသော သံနှစ်တုံးဖြင့် တွဲထားသေးသည်။ ဥက္ကဌကြီး၏ခေါင်းကို ပင်လယ်ထဲပစ်ချလိုက်သည့်အချိန်မှာ ပင်လယ်ထဲမမြုတ်ဘဲ ပေါလောပေါ်နေတယ်။ ကျွန်တော်တို့ ဆုတောင်းပြီးသွားသည့်အချိန်အထိ ဥက္ကဌ၏ခေါင်းတလားသည် ပင်လယ်ပေါ်မှာ ဆက်လက်ပေါ်နေပြီး ပင်လယ်ထဲမျှောသွားနေပြီးဖြစ်သည်။"
တာဝန်ရှိသူများက ဥက္ကဌ၏ခေါင်းတလား ပင်လယ်ထဲမမြုတ်သေးတာကြောင့် ခေါင်းတလားကို မော်တော်ဘုတ်ပေါ်တင်ဖို့အမိန့်ပေးပြီး ခေါင်း၏အောက်ဖက် အပေါက်အကျယ်ဖောက်ဖို့ စေခိုင်းလိုက်သည်။ ထို့နောက် ပင်လယ်ထဲပြန်ပစ်ချရာ ခေါင်းထဲကို ပင်လယ်ရေဝင်သွားပြီး ဥက္ကဌကြီး၏ခေါင်းတလားသည် ပင်လယ်ထဲသို့ ဖြေးဖြေးချင်းနစ်မြုတ်သွားတော့သည်။ ထိုအချင်းအရာကိုကြည့်ရတဲ့ ကျွန်တော်အဖို့ ဥက္ကဌကြီးအတွက် မျက်စိမှိတ်စိတ်ထဲဆုတောင်းပေးပြီး မျက်လုံးဖွင့်လိုက်တဲ့အခါ ခေါင်းတလားမြုတ်သွားတဲ့နေရာ ဘေးပတ်လည်မှာထွက်လာသော ရေမြုတ်များသာတွေ့ရတဲ့အချိန်မှာ ကျွန်တော်အရမ်းစိတ်ထိခိုက်သွားတယ်။ ထိုနောက် ကျွန်တော်၏ ရင်ထဲခံစားနေရမှုတွေကို အပြင်က မပေါ်လွင်အောင် ဟန်မပျက်အောင် တော်တော်လေးစိတ်ထိန်းပြီး နေခဲ့ရတယ်။ ဒီအကြောင်း ကျွန်တော် ဒီလောက်ဘဲပြောပြလို့ရမယ်။" ဟု ဆရာတော်က ပြောပြီး စကားရပ်လိုက်တော့သည်။
ဆရာတော်က သူပြောတဲ့အကြောင်းအရာကိုရပ်ပြီး သူဆက်ပြီးပြောပြလို့မရတော့တာကြောင့် ကျွန်တော်လည်းဆက်ပြီးမေးခွန်းမမေးရဲတော့ပေ။ ကျွန်တော်ဆက်ပြီးမေးချင်တဲ့မေးခွန်းက -
၁။ မော်လမြိုင်မှ ကျိုက္ခမီပင်လယ်ဝကိုသွားတဲ့အခါ ဥက္ကဌကြီး၏အလောင်းက တစ်ခါတည်းပါသွားတာလား သို့မဟုတ် ဥက္ကဌကြီးရဲ့အလောင်းက ကျိုက္ခမီမှာဘဲ အရင်ကတည်းက ရှိနေပြီး ပင်လယ်ဝသို့ယူလာတာလား။
၂။ ဥက္ကဌကြီးကို သင်္ဂြိုလ်တဲ့အခါ ကရင်ခေါင်းဆောင် ဘယ်သူများလိုက်ပါသေးသလဲ။
၃။ မြန်မာတပ်မတော်ကော အတူပါသေးလား။
အခုဒီအကြောင်းကို ပြန်ပြောနေရခြင်းက ကျွန်တော် (မူရင်းစာရေးသူ) မျှော်လင့်ချက်က ဥက္ကဌစောဘဦးနဲ့ အတူအလုပ်တွဲလုပ်ခဲ့ဖူးသော အသက်ရှင်သေးသောခေါင်းဆောင်များက ဥက္ကဌကြီးကို ဘယ်လို သင်္ဂြိုလ်ခဲ့တဲ့အကြောင်း တိတိကျကျသိဖို့ရန်နှင့် နောင်လာနောက်သားများ ဤအကြောင်းအရာကိုသိဖို့ ရည်ရွယ်သောကြောင့်ဖြစ်သည်။
လူမျိုးနှင့်တိုင်းပြည်လွတ်မြောက်ရေးအတွက်
- ရဲရင့်သောရဲဘော်များ သေနတ်မောင်းဆွဲထား
-အုပ်ချုပ်သူခေါင်းဆာင်များ နိုင်ငံရေးအသိဉာဏ်များများဝေမျှပေးထား
-ကရင်ပြည်သူလုထုများ လျှင်မြန်စွာချီတက်ထား
-စာရေးသူများ ခလောင်သွားကိုသွေးထား
...................................................................................................
မှတ်ချက် စကောကရင်ဘာသာဖြင့်ရေးထားသောအကြောင်းအရာကို မြန်မာဘာသာဖြင့် နားလည်လွယ်ကူအောင် ဘာသာပြန်ဆိုခြင်းဖြစ်သည်။

မေတ္တာဖြင့်
စောအဲလ်ဘတ်ချို။
ဇွန် ၂၁, ၂၀၂၀.

Comments

Popular posts from this blog

အလွန်တန်ဖိုးရှိသော စောဘဦးကြီး၏ သမိုင်းဝင်စကား Unicode

မွန်-ကရင်အတူလက်တွဲခဲ့ကြသော အတိတ်ကတော်လှန်ရေးသမိုင်း

နိုင်ငံရေးဘောင်မရှိ၍စစ်ရေးဘောင်ကျယ်သထက်ကျယ်လာခြင်း