၇၁ နှစ်ပြည့် ကော်သူးလေးနေ့



၇၁ နှစ်ပြည့် ကော်သူးလေးနေ့
 (၁၄.၆.၁၉၄၉-၁၄.၆.၂၀၂၀)
71st Kaw Thoo Lei Day
(14.6.1949-14.6.2020)


               ကရင်သမိုင်းထဲမှာ ပြန်လည်အသက်သွင်းရမည့် နေ့ရက် တစ်ရက်ရှိနေသည်။ ကရင်အများစုက ထို့နေ့ကို မေ့လျော့ကောင်းမေ့လျော့နေပေမယ့် ထိုနေ့ရက်ကို မေ့၍မရသော ကရင်ခေါင်းဆောင်အချို့နှင့်ကရင်လူငယ် ပညာတတ်များ၊ ကရင်မျိုးချစ်လူငယ်များရှိကြပါသည်။ ပထမဦးဆုံး အရင်းရှင်းရမည့်အရာက ကော်သူးလေးနေ့ နှင့် ကရင်ပြည်နယ်နေ့သည် မတူညီပေ။ ကော်သူးလေးသည် မြန်မာပြည့်အနှံ့ရှိကရင်များအားလုံးကို ကိုယ်စားပြု၍ ကရင်ပြည်နယ်နေ့ဆိုသည်က လက်ရှိကရင်ပြည်နယ်အတွင်း သီးသန့်သတ်မှတ်ထားသည့် ၁၁,၇၃၀ စတုရန်းမိုင်သာရှိသော နေရာပင်ဖြစ်သည်။ ထိုအချင်းအရာကို ကရင်လူများစုက လက်ခံထားသည့် ပြည့်ဝသောကရင်ပြည်မဟုတ်ပါ။ ကရင်ပြည်နယ်ကို ပဆဖလအစိုးရက ပေးအပ် အာဏာလွဲအပ်သည့်အခါ သုံးကြိမ်တိုင်တိုင် စိကုပ်စွာနေရာချဲ့ထွင်ပေးခဲ့ရသည်။ ၁၉၅၁ သံလွင်ခရိုင် ဖာပွန်ဒေသ၊ ၁၉၅၂နှစ်တွင် ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ့၊ ဖားအံနှင့်သံတောင်ကို သတ်မှတ်ပြဌာန်းပေးပြီး၊ ၁၉၆၀နှစ်ရောက်မှ ကရင်ပြည်နယ်တွင် လှိုင်းဘွဲ၊ ဖားအံ၊ သံတောင်၊ ဖာပွန်၊ ကော့ကရိတ်၊ ကြာအင်းနှင့် မြဝတီစသဖြင့် မြို့နယ် ၇မြို့ နယ်ရှိလာတော့သည်။ ထို့ပြင် ကရင်ပြည်နယ်နေ့ကို ဇွန်လ ၁ရက်နေ့တွင် ပထမဦးဆုံးအကြိမ် ကျင်းပခဲ့ဖူးသည်။ ဘာရည်ရွယ်ချက်ကြောင့် ကရင်ပြည်နယ်နေ့ကို ဇွန်လ ၁ရက်နေ့ ၁၉၅၅တွင် ကျင်းပခဲ့ရလဲဆိုသည်က မသိရပေမယ့် ထိုအချိန်အခါတွင် မိုးရွာသောကြောင့် ကရင်ပြည်နယ်နေ့ကို ပြည်လည်သုံးသပ်ကာ နိုဝင်ဘာ ၇ရက်နေ့သည် ကရင်ပြည်နယ်နေ့ဖြစ်လာခဲ့ရပါသည်။ ကရင်ပြည်နယ်ကို ကော်သူလေးပြည်ဟု ပြောင်းလဲ ခေါ်ဆိုရန် KRC (ကရင်တော်လှန်ရေးကောင်စီ)ကြောင့် ၁၉၆၃ခုနှစ်တွင် ကော်သူလေးပြည်ဟုခေါ်ဆိုခဲ့သည်။ သို့သော် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ကော်သူးလေးပြည်နယ်မှ ကရင်ပြည်နယ်ဟူ၍ နောက်တစ် ပြောင်းလဲသွားပြန်သည် (KIC-2016)။
ထို့ကြောင့် ကရင်ပြည်နယ်နှင့် ကရင်ပြည်နယ်နေ့သည် ကော်သူးလေးနေ့ နှင့် မသက်ဆိုဘဲ ကော်သူးလေးပြည်နေ့သည် ကရင်ပြည်သူလူထုများ၏ နှလုံးသားထဲက နေ့ထူးနေ့မြတ်ဖြစ်ပြီး ကရင်ပြည်သူလူထုများမှ တစ်နေ့တချိန်တွင် ပြန်လည်ဖေါ်ထုတ်မည့်နေ့ထူး နေ့မြတ်ဖြစ်၍ ကရင်ပြည်သူထုများအတွက် သမိုင်းပေးတာဝန်တစ်ခုဖြစ်သည်။ ထို့ပြင် ကရင်ပြည်နယ်၏ သတ်မှတ်ချက်မြေပုံသည် ကော်သူလေးမြေပုံနှင့် မသက်ဆိုင်ပင်။ ကော်သူးလေး၏ သတ်မှတ်ချက်သည်
တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ တောင်ငူခရိုင်၊ အင်းစိန်ခရိုင်၊ ဟန်သာဝတီခရိုင်၊ ညောင်လေးပင်ခရိုင်ခွဲနှင့် သံလွင်ခရိုင်တို့ပါဝင်ပါသည်။ (Paul Kenan, 2008. Pg-8)


              ကော်သူလေးနေ့ကို သတ်မှတ်ရာတွင် မည့်သည်အချိန်၊ မည်သည့်နေရာမှာ မည်သူက ဘယ်လိုရည်ရွယ်ချက်ဖြင့် ပြောဆိုခဲ့သည်ကို ပထမဦးဆုံးသိဖို့ရန်အရေးကြီးပါသည်။ ထို့ကြောင့် ကရင်တော်လှန် ရေး အစပျိုးခဲ့သည် ၁၉၄၉ ဇန်နဝါရီ ၃၁ အချိန်မှ အင်းစိန်တိုက်ပွဲကြီး ၁၁၂ရက်အကြာ ခုခံပြီး၊ အင်းစိန်ကျပြီးချိန် ကရင်ခေါင်းဆောင်များ နေရာခွဲကာ အုပ်ချုပ်ရေးတာဝန်ယူခဲ့သောအချိန်မှာ ကော်သူလေးပြည်ဟာ စတင်၍ ဖြစ်တည်လာဖို့ အကြောင်းဖန်လာခဲ့သည်။ ၁၉၄၉ ဇွန် ၁၄ ရက်၊ တောင်ငူမြို့တွင် K.G.B ဟုခေါ်သော Kaw Thoo Lei Governing Body စတင်ဖွဲ့စည်းပြီးပြီးချင်း ထိုနေ့ညနေ အချိန်တွင်လည်း ကော်သူးလေးကရင်ပြည်ထူထောင်ခြင်းအကြောင်း အသံလွင့်ရုံတွင်ကြေငြာပြီး ကော်သူးလေး အစိုးရကို ဖွဲ့စည်းပြီးကြောင်း ကမ္ဘာသိအောင်ကြေငြာခဲ့သည်။ ဇွန် ၁၄ရက်သည် ကော်သူးလေးအစိုးရဖွဲ့စည်းသောနေ့ဖြစ်သဖြင့် ကော်သူးလေးနေ့အဖြစ့်အသိအမှတ်ပြုထုတ်ပြန်ခဲ့သေးသည်။ နိုင်ငံတကာ အသံလွင့်ဌာနများဖြစ်သော BBC, All India သတင်းဌာနများကလည်း ကော်သူးလေး အသံလွင့်ဌာနမှ ကြေငြာသောကြေငြာချက်ကို ပြန်လွင့်၍ ကြေငြာခဲ့ပေးသည်။

ကော်သူးလေးအစိုးရဖွဲ့စည်းချိန်တွင် အဖွဲ့ဝင်များမှာ
၁။ ဝန်ကြီးချုပ် စောဘဦးကြီး (စောဘဦးကြီးကျဆုံးချိန်တွင် ကော်သူးလေးသမ္မတကျဆုံးပြီးဟု ဗမာသတင်းစာ တွင် ဖော်ပြ)
၂။ ဦးလှဖေ (နိုင်ငံခြားရေး)
၃။ စောဖိုးမောင် (ပြည်ထဲရေး)
၄။ စောရွှေလေး (ကာကွယ်ရေး)
၅။ စောဘထွန်း (ပညာရေး)
၆။ စောဂျွန်ဆင်ဒီဖိုးမင်း (လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး)
၇။ စောစိန်တင် (သစ်တော်နှင့်လယ်ယာ)
               စသဖြင့် ဖွဲ့စည်းထားသည်ကိုတွေ့ရပါသည်။ (စကောလယ်တော၊ ၁၀၆)
သို့ပါသောကြောင့် ကော်သူးလေးပြည်နယ်ကို တောင်ငူမြို့မှာ ဌာနချုပ်ထားသည့်အချိန်နေရာတွင် ကော်သူလေးပြည်နယ်ဟု ညနေပိုင်းတွင် ကော်သူးလေးအသံလွင့်ရုံဖြင့်ကြေငြာခဲ့သည်။ ထိုကြေငြာခဲ့ခြင်းကြောင့် ပိုမို၍ ထိုးစစ်ဆင်ခြင်းကို ခံရပါသည်။ ထိုကြေငြာချက်ကြောင့် ထိုနေ့ကို ကော်သူးလေးပြည်နေ့ဟု သတ်မှတ်ကာ ၁၉၅၁ ဇွန်လ ၁၄ရက်တွင် KGB အစည်းအဝေးကို ကျင်းပခဲ့သည်။ ကော်သူးလေးအစိုးရလက်အောက်တွင် မွန်၊ ကရင် ကြား ထားရှိ့သည့် သဘောတူညီချက်မရှိပေမယ့် မွန်အမျိုးသားအတွက် တပ်ရင်း ၂ရင်း ဖွဲ့စည်းခဲ့သည်။ သထုံခရိုင်ရှိ မွန်တပ်ရင်းကို ကော်သူးလေးသထုံခရိုင်တပ်မဟာအောက်တွင်ထားရှိပြီး၊ မော်လမြိုင်တွင်ရှိသော မွန်တပ်ရင်းကို ကော်သူးလေးမော်လမြိုင်ခရိုင်တပ်မဟာအောက်တွင်ထားရှိခဲ့သည်။
ကော်သူးလေးအစိုးရသည် အုပ်ချုပ်ရေးကို ၃လအထိသာ အုပ်ချုပ်နိုင်ခဲ့ပြီး စစ်ရေးကို ပြန်လှည် လုပ်ဆောင်ခဲ့ရသည်။ အကြောင်းရင်းက အစိုးရဟုကြေငြာပြီးသည်နှင့်တစ်ပြိုင်နက် ဗမာတပ်မတော်မှ ထိုးစစ် အပြင်းအထန်လုပ်လာသောကြောင့် တော်လှန်ရေးမအောင်မြင်သေးခင်မှာ အုပ်ချုပ်ရေးကို ချမှတ်ရန်မဖြစ်နိုင်သောကြောင့်ဖြစ်သည်။

              ကော်သူလေးဟူသောအသုံးအနှုန်းကို ပထမဦးဆုံး ဖန်တီးခဲ့သောဗိသုကပညာရှင်သည် ကရင်အမျိုးသား အစည်းအရုံး၏ ဥက္ကဖြစ်သူ၊ ကော်သူလေးပြည်၏ ဝန်ကြီးချုပ်ဖြစ်သူ ကရင်အမျိုးသာအာဇာနည်ဖြစ်သူ စောဘဦးကြီးပင်ဖြစ်သည်။ အခြေအနေ အခက်အခဲကြောင့် ယနေ့အထိ ပြီးပြည့်စုံသော ကရင်ပြည်နယ် ကော်သူလေးသည် မဖြစ်ပေါ်လာသေးသော် လည်း ကရင်ခေါင်းဆောင်များထားခဲ့သည့် ရူပါရုံကြောင့် ပြီးပြည့်စုံသော ကရင်ပြည်ရရှိရေးသည် ကရင်လူမျိုး များ၏ နှလုံးသားထဲတွင် ထဝရရှင်သန်နေပြီးသာဖြစ်သည်။ ကော်သူးလေးပြည် အသိအမှတ်မခံရခြင်းက နိုင်ငံတကာအသိအမှတ်ပြုမှုကို ရရှိဖို့ လုံလောက်သော အင်အားစုမရှိခဲ့သောကြောင့်ဖြစ်သည်။
ထို့ကြောင့် ယနေ့ ၇၁နှစ်ပြည့်ကော်သူးလေးနေ့တွင် အနာဂါတ် ကရင်လူငယ်များ ပြန်ပြီး မိမိတို့၏ သမိုင်းဆိုင်ရာ အသိပညာ သမိုင်းပေးတာဝန်များကို ပြန်လည် သတိရကာ နိုးထလာဖို့ ရည်ရွယ်၍ရေးသားခြင်းဖြစ်သည်။
ပျော်ရွင်ချမ်းမြေ့ပါစေ။


စောအဲလ်ဘတ်ချို
အကိုးအကား


၁. KIC (2016). ကရင်ပြည်နယ်နေ့ ဖြစ်ပေါ်လာပုံ။
၂. Kennan, Paul (2008). Saw Ba Oo Gyi: The Voice of Revolution, KHCPS Paper.
၃. ဖူးစကောလယ်တော၊ ကရင်တော်လှန်ရေးသမိုင်း။



Comments

Popular posts from this blog

အလွန်တန်ဖိုးရှိသော စောဘဦးကြီး၏ သမိုင်းဝင်စကား Unicode

မွန်-ကရင်အတူလက်တွဲခဲ့ကြသော အတိတ်ကတော်လှန်ရေးသမိုင်း

နိုင်ငံရေးဘောင်မရှိ၍စစ်ရေးဘောင်ကျယ်သထက်ကျယ်လာခြင်း