အလွန်တန်ဖိုးရှိသော စောဘဦးကြီး၏ သမိုင်းဝင်စကား Unicode

Saw Ba Oo Gyi 1926


ဤစကားကို ကရင်-ဗမာချစ်ကြည်ရေးထမင်းစားပွဲနှင့်မုန့်ဟင်းခါးစားပွဲကို စောဘဦးကြီးအိမ်တွင် ကျင်းပခဲ့စဉ်တုန်းကအချိန်တွင် ဝန်းကြီးချုပ်ဦးနုနှင့်အတူ ရှမ်း၊ ကချင်၊ ကရင်နီနှင့် မွန်ခေါင်းဆောင်များပါ ပါဝင်ခဲ့ပါသည်။

"သခင်နုနဲ့ကျွန်တော် ကျွေးမွေးတဲ့ထမင်းရာဇဝင်ကတော့ အတော်ရှုပ်သားပဲ။ စတာကတော့ ဟိုအရင် ကရင်-ဗမာအဓိကရုဏ်းက စခဲ့တာပဲ။ ဂျပန်ခေတ်ကလွဲလို့ သခင်နုနဲ့ကျွန်တော်ဟာ လူချင်းခပ်လှမ်းလှမ်းပဲ နေခဲ့ကြပါတယ်။ လပွတ္တာမြို့နယ် ကရင်-ဗမာအဓိကရုဏ်းဖြစ်တော့မယ်လို့ သတင်းတွေ ဖြစ်လာတဲ့အခါ သခင်နုက ကျွန်တော့်ထံစာပေးခေါ်ပြီး လပွတ္တာကိုသွားတရားပြီးတရားဟောဖို့ အရေးအကြောင်းပြောတော့ ကျွန်တော်သဘောတူလိုက်ပါတယ်။ ဘာ့ကြောင့်သဘောတူသလဲဆိုတော့ (အကြံတူရန်သူ၊ အကျိုးတူမိတ်ဆွေ) ဆိုတဲ့စကားပုံအတိုင်းအဓိကရုဏ်းမလိုလားတဲ့ အကျိုးကတူနေတာကိုး။ ကရင်-ဗမာအဓိကရုဏ်းတော့ ဘယ်တော့မှ မဖြစ်ရဘူးဆိုပြီး ကျွန်တော်တို့သွားခဲ့ကြတဲ့အခါမှာ စောသဒင်၊ မန်းဂျိန်းထွန်းအောင်၊ ဆမားဒူးဝါးနောင်၊ ဦးဝမ်းသူမောင်တို့လဲ ပါကြပါတယ်။ (၇)ရက်လောက်အတူသွားမိတဲ့အခါ သခင်နုနဲ့ ကျွန်တော်ဟာ တစ်ဦးကိုတစ်ဦးနားလည်မှု၊ ယုံကြည်မှုပိုမိုရင်းနှီးပြီးတော့ မိတ်ဆွေရင်းကြီး ဖြစ်လာတာပါပဲ။

စကော့တလန်ပြည်၊ ဟိုင်းလင်းဒါးလူမျိုးများဟာ ဧည့်သည်မိတ်ဆွေးများကို ကျွေးမွေးတဲ့အခါ ဆားပါလေ့ရှိပါတယ်။ အဲ့ဒီဆားကို စားတဲ့လူဟာ ဘယ်တော့မှ မကောင်းမကြံအပ်ဘူးလို့ အယူရှိပါတယ်။ ဗမာပြည်တောင်ပေါ်များမှာလည်း သူ၏ထမင်းကိုစားပြီးရင် သူ့ကို မကောင်းအကြံအပ်ဘူးဆိုတာရှိပါတယ်။ မြေညီမှာလည်းပဲ ခင်ဗျားကို ကျွန်တော်မပစ်မှားပါဘူး၊ ခင်ဗျားကျွေးတဲ့ထမင်းဟာ ကျုပ်လည်ပင်းထဲမှာရှိပါသေးတယ် ဆိုတဲ့စကားနဲ့ ကျေးဇူးရှင် ကျေးမစွပ်ကောင်းဘူး ဆိုတဲ့စကားပုံလည်းရှိပါတယ်။ (၇)ရက်ကြာမျှခရီးထွက်ကြစဉ်အခါက သခင်နုက ကျွန်တော့်ကို ကျွေးမွေးခဲ့တဲ့ ကျေးဇူးရှိပါတယ်။ သခင်နုဟာ ကျွန်တော့်အိမ်ကို ကြွလာလိုသော်လည်း အိမ်က တဲကုပ်ကလေးဖြစ်လို့ မဖိတ်ကြားခဲ့ပါဘူး။ ယခုအခါတော့ ကျွန်တော်က ဖိတ်ထားလို့ ကျွန်တော်တဲကုပ်ကို သခင်နုရောက်ခဲ့ပါပြီ၊ ယခုအခါမှာလည်း သခင်နုကို ကျွန်တော်က ကျွေးရပြန်ပြီး။ ဒါကြောင့် ယခုတော့ သူကျွေးကျွန်တော်ကျွေး ဖြစ်ရပါပြီး။ ဒါဟာ တစ်ဦးနဲ့တစ်ဦးရင်းနှီးစွာ အပြန်အလှန် ကျွေးမွေးကြတဲ့ ရာဇဝင်ပါပဲ။”

ကျွန်တော်ဟာ ကြွားမပြောပါဘူး၊ ဗမာပြည်အတွင်းမှာ အတော်အနှံ့အပြားရောက်ခဲ့ဖူးပါတယ်။ ပြည်ပဆိုရင်လဲ အရှေ့ဘက်၊ အနောက်နဲ့ မြောက်ဘက်တိုင်းပြည်များကိုလည်း ရောက်ခဲ့ဖူးပါတယ်။ ဒီလိုရောက်ခဲ့ဖူးတဲ့အတွက် ကိုယ့်ဒူးတောင်ကိုယ်မယုံဘူး ဆိုတဲ့ ဗမာစကားပုံ တစ်ခုကို စဉ်းစားမိပါတယ်။ ကိုယ့်ဒူးကိုယ်မယုံရင်အခြားသူကိုယုံရမလား။ ကိုယ့်တိုင်းရင်းသားအချင်းချင်းဟာ ကိုယ့်ဒူးဖြစ်ပါတယ်။ အခြားလူဆိုတာက အင်္ဂလိပ်၊ အမေရိကန်၊ တရုတ်၊ ရုရှားစတဲ့ နိုင်ငံများဖြစ်ပါတယ်။ သည်တော့ ကျွန်တော်ပြောလိုတာက မယုံရသူကို အားမကိုးသင့်ဘူး။ ကျွန်တော်လည်း အားမကိုးပါဘူး။ ခင်းဗျားတို့လည်း အားမကိုးပါနဲ့။

နိုင်ငံခြားသားတစ်ယောက်က “ခင်းဗျားတို့ တိုင်းပြည်ကို မအုပ်ချုပ်ပါဘူး၊ ကုန်ကူးလိုပါပဲ” လို့ ကျွန်တော့်ကိုပြောဖူးပါတယ်။ အမှန်တော့ ပြည်မှ လူတွေဟာ ကုန်သည်ချည်းပါပဲ။ ကုန်သည်ဆိုပေမယ့် ကုန်သည်ရိုးရိုးမဟုတ်ဘူး။ ကုန်သည်သာမက အကုန်သယ်မှာ၊ အခုတစ်ခေါက် သူတို့ပြန်လာရင်တော့ အကုန်ပဲ။ တစ်ချို့အင်္ဂလိပ်လက်အောက်ပြန်ဝင်ချင်လို့ ထင်ကြသေးတယ်။ ကျွန်တော်တို့ ဒီလောက်အထင်မသေးပါဘူး။ သူတို့အကြောင်းကျွန်တော်ပိုသိပါတယ်။ ဒါကြောင့်ကျွန်တော်ခပ်ရှင်းရှင်း နေခဲ့ပါတယ်။ သူတို့ကို အားမကိုးဘူး။ ဒါတင်မကသေးဘူး။ ကျွန်တော်လိုလားတဲ့ သီးခြားပြည်နယ်အတွက် ဆောင်ရွက်တဲ့နေရာမှာ မတရားဘယ်တော့မှ မလုပ်ပါဘူး။ တရားလမ်းရှိတဲ့အတိုင်း ဆောင်ရွက်သွားမှာပဲ။

   ကျွန်တော်တို့ကရင်အမျိုးသားများကို သတိပေးလိုတဲ့ အချက်များလည်းရှိပါတယ်။ မိမိတို့လိုတဲ့ သီးခြားပြည်နယ်တော့ရှိပါပြီးဆိုပါတော့၊ မိမိတို့ဟာ ဒီသီးခြားနယ်နဲ့တန်ရဲ့လား၊ မတန်ရင် ဒီသီးခြားနယ်တောင်းဖို့ ကောင်းမလားဆိုတဲ့အချက်ကိုလည် အထူးစဉ်းစားဖို့ရှိပါတယ်။ ခင်ဗျားတို့ ကရင်များဟာ သီးခြားနယ်နဲ့တန်ရဲ့လားလို့မေးရင် တန်တယ်လို့ ပြောကြလိမ့်မယ်။ ခင်ဗျားတို့နယ်ကို ဘယ်သူအုပ်ချုပ်မလဲမေးရင် ကရင်ပဲ အုပ်ချုပ်မယ်။ ကရင်မှ မအုပ်ချုပ်ရင် ဘာဖြစ်မလဲပြောကြလိမ့်မယ်။ ခင်ဗျားတို့ကိုယ်တိုင်က သူခိုးဓါးပြလူဆိုးတွေအုပ်ချုပ်ရင် ကြိုက်မလားလို့ မေးရင် မကြိုက်ဘူးလို့ ဖြေကြလိမ့်မယ်။ ခင်ဗျားတိုကိုယ်တိုင်က သူခိုးဓါးပြတွေဖြစ်နေရင် ဒီးသီးခြားနယ်နဲ့ခင်ဗျားတို့တန်မလား၊ မတန်ဘူးလားလို့ ဆိုရမယ်။ ဒါကြောင့် ကျွန်တော်သတိပေးလိုတာက သီးခြားနယ်နဲ့နေလိုရင် သီးခြားနယ်နဲ့ တန်အောင်နေကြပါ။ သူခိုးဓါးပြမျိုး ဖြစ်နေကြရင်တော့ သီးခြားနယ်မြေနဲ့ မတန်သေးဘူး။ ဒါကို ခင်ဗျားတို့ အထူးစဉ်းစားကြပါ။

       မအူပင်ငွေတိုက်ကို ဖေါက်သွားသူများဟာ ကရင်(၁၉)ယောက်ဖြစ်တယ်။ ကြားရတာ စိတ်မကောင်းပါဘူး။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဥပမာလေးတစ်ခုပြောလိုပါတယ်။ မြောင်းမြနယ် သိလ္လာဆိုတဲ့ ရွာတစ်ရွာမှာ အသက်(၆၀)ကျော် ဦးလွန်းဘော်ဆိုတဲ့ အဘိုးကြီးတစ်ယောက်ရှိတယ်။ သားသမီး ၁၂ယောက်၊ မြေးမြစ်များလည်းရှိပါတယ်။ သူ့မှာလယ်နည်းနည်းရှိ့တဲ့အပြင် အသီးအနှံစိုက်ပျိုးထားတဲ့ ဥယျဉ်လည်းရှိတယ်။ ဝက်၊ ဘဲ၊ ကြက်တို့ကိုလည်း မွေးထားတယ်။ သူ့ရွာက လမ်းဆုံကျတဲ့အတွက် ခရီးသည်များဟာ များသောအားဖြင့် တည်းခိုကြတဲ့အခါ ခရီးသည်တိုင်းလိုလိုပဲ ထမင်းကျွေးပါတယ်။ ထူးခြားချက်တစ်ခုက အသီးအနှံများကို မခူးရ ဆိုတဲ့စာရေးထားတယ်။ ခိုးလည်း မခိုးရဲကြဘူး။ တကယ်လို့ သစ်သီးခိုးတာများကိုတွေ့ရင်တော့ ဒီခိုးတဲ့လူဟာ မသက်သာဘူး။ သွေးထွက်သံယိုဖြစ်အောင်ချတော့တာပဲ။ ကျွန်တော်ဟာ အဲ့ဒီရွာအဘိုးကြီး အိမ်ရောက်သွားလို့ ဧည့်သည်အဖြစ် ခေတ္တတည်းခိုစဉ် သူရိုက်နှက်ပုံ အကြောင်းတွေကြားရတော့ အကြောင်းသိချင်တာနဲ့ အဖိုးကြီးနားကပ်ပြီး “ဖထီး သစ်သီးလေးတစ်လုံးခိုးတာနဲ့ ဘာကြောင့်ဒါလောက်ပြင်းပြင်းထန်ထန်ရိုက်တာလဲ”လို့မေးကြည့်တော့ ဖထီးက “ကျပ်ဆန္ဒက ဘယ်သူဖြစ်ဖြစ် သူခိုးမဖြစ်စေလိုဘူး၊ သူခိုးတာကြည့်နေလိုက်ရင် သူ့အိမ်သားတွေပါ သူခိုးမျိုးဖြစ်ကုန်လိမ့်မယ်၊ သူခိုးမျိုးမဖြစ်ကြစေလိုတဲ့ စေတနာနဲ့ရိုက်တာပါပဲ”လို့ပြန်ပြောတယ်။


      အဲ့ဒီအကြောင်းလေးတွေကို တွေးပြီးတော့ မအူပင်မှာဖြစ်တဲ့ကိစ္စဟာ ကရင်လေး(၁၉)ယောက်ဆိုပေမယ့် တစ်ယောက်တည်းလည်းကရင်ပဲ၊ (၁၉)ယောက်လည်းကရင်ပဲ၊ ငွေကလည်းမနည်း။ ဒီငွေတွေကို ဖြန့်လိုက်တဲ့အခါမှာ ကရင်တစ်မျိုးသာလုံးထံပျံ့သွားမယ်။ ပျံ့သွားရင်ကရင်တစ်မျိုးသားလုံးသူခိုးမျိုးတွေဖြစ်ကုန်မှာပဲ။ ဒါကြောင့်သူမျိုးတွေမဖြစ်ရလေအောင်ငွေအစားပြန်ဆပ်နိုင်အောင် ကျွန်တော်ကိုယ်တိုင်ရှေ့ဆောင်ပြုလုပ်ဆောင်ရွက်ဖို့ ပြဌာန်းလိုက်ပါပြီ။ တစ်မျိုးလုံး ဓါးပြမဖြစ်ရလေအောင် ကျွန်တော်နဲ့(KNU)တစ်မျိုးလုံးကဒီငွေကို ဆပ်ရမှာပဲ။ ဘယ်အထိဆပ်မလဲဆိုရင် ကျွန်လုပ်ပြီးဆပ်ရမှာပဲ။ ဆပ်မယ်ဆိုတာက ပြောတော့လွယ်တယ်။ ဘယ်လိုဆပ်မလဲမေးစရာရှိတယ်။ အခြားသူများမဆပ်ခင်ကျွန်တော်ကစပြပြီးဆပ်ရမှာပဲ။ မနေ့ညက ဒီအရေးတွေးပြီး တစ်ညလုံးအိပ်လို့မရပါဘူး။ လယ်ဧက (၁၀၀၀)ကိုပြည်ထောင်စုမြန်မာနိုင်ငံအစိုးရအားအပ်နှင်းပေးဆပ်လိုက်ပါမယ့်။ အခုလယ်ကိုချက်ချင်းမယူသေးရင် လယ်မြေပြည်သူပိုင်သိမ်းပြီးနောက် ထားတဲ့တန်ဖိုးအတိုင်း ဆုံးဖြတ်တာပေါ့။ ပိုက်ဆံမရှိလို့ခါးသာမလှရှိမယ်။ ဝမ်းတော့ ဝနိုင်ပါသေးတယ်။ ကျွန်တော့်မိန်းမသဘောတူပြီးဖြစ်တာကို ကျွန်သိပြီးဖြစ်ပါတယ်။ နောက်ဆက်လက်ပြီး တစ်ပြည်လုံးသဘောပေါက်အောင်လုပ်ပြပါဦးမယ်။ 


       ဒီပြင် ကိစ္စတစ်ခုရှိသေးတယ်။ ဒါက တစ်ခြားမဟုတ်ဘူး။ နာမည်ကြီးနေတဲ့အင်းစိန်ကိစ္စပါပဲ။ ကရင်တွေလက်နက်များ ဖောက်ယူသွားကြတယ်လို့ဆိုပါတယ်။ သတင်းစာတွေကလည်း ဘာမဆိုကရင်တွေဆိုပြီး အားလုံးသိမ်းကြုံးရေးကြတာပါပဲ။ တစ်ခုပြောလိုတာက အင်းစိန်မှာဖြစ်တာက ကရင်ဆိုတာဟုတ်ပါတယ်။ ဒါပေမယ့် ကောင်းတဲ့ကရင်လည်းရှိ၊ မကောင်းတဲ့ကရင်လည်းရှိလေတော့ အကောင်းနဲ့မကောင်းခွဲခြားရေးကြရန်ကိုလည်း တောင်းပန်ပါတယ်။ ဒီကိစ္စမှာ (KNU)အပြစ်မဟုတ်သော်လည်း ဒီလက်နက်တွေပြန်ပေးအောင်တော့ တောင်းပန်ရဦးမှာပဲ။”
“ကရင်လူကောင်းများလက်တွင် ရှိတဲ့လက်နက်များကို ဒီနေ့ကစပြီး နှစ်လအတွင်းပြန်ထမ်းပို့ကြပါလို့တောင်းပန်ပါတယ်။ ဒီတောင်းပန်တဲ့ကိစ္စနှင့်ပတ်သက်လို့လဲ ထိထိရောက်ရောက်ဆောင်ရွက်ကြပါမယ်။ အမျိုးသားစိတ်မရှိသူ ကရင်တွေလည်းရှိပါတယ်။ သူတို့ကတော့ သေနတ်ကိုယူပြီး မသမာသူများလက်ကိုရောင်းစားရင် ရောင်းစားမှာပါပဲ။ ဒါတွေဟာလည်း မဆိုင်ပေမယ့် အပ်အောင်လုပ်ရမှာပဲ။ မအပ်ရင်တော့ ဆုံးမရမှာပဲ။ ကျွန်တော်ယခုလိုပြေပြတဲ့အတိုင်းတောင်းပန်ဆောက်ရွက်လို့မှမရရင် (KNU)ဥက္ကဌအဖြစ်နှုတ်ထွက်လိုက်ပါမယ်။” 

     ယခုကြွရောက်လာကြတဲ့ လူကြီးမင်းများမှာ ဗမာ၊ ကရင်၊ ကချင်၊ ရှမ်း၊ မွန်စသဖြင့် စုပေါင်းရောက်လာကြသော ပရိတ်သတ်ဖြစ်ပါတယ်။ ဇစ်မြစ်ကို သေသေချာချာကြည့်ရင် အားလုံးဆွေမျိုးတွေချည်းပဲဖြစ်ပါတယ်။ ခင်ရာဆွေမျိုးဆိုတာလည်းရှိပါသေးတယ်။ ဒီကျွန်ုပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ဖန်တီးလုပ်ကိုင်နိုင်ကြတာဟာ ခင်မင်ရင်းနှီးတဲ့ဆွေးမျိုးတွေဖြစ်လို့ ဖြစ်ကြပါတယ်။”
“သည်နောက် အရေးတကြီးလုပ်စရာရှိတာကတော့ ရွာတွေမှာ ကြောက်လန့်ပြီး တစ်ရွာမှတစ်သို့ပြောင်းရွှေ့နေထိုင်ကြတဲ့ကိစ္စဖြစ်တယ်။ ကွန်မြူနစ်တွေကြောက်လို့ပြေးကြရတာလည်းရှိတယ်။ တစ်ချို့က ကရင်ကိုကြောက်လို့ဗမာက ပြေးရတာလည်းရှိတယ်။ ဗမာကိုကြောက်လို့ ကရင်တွေပြေးရတာလည်းရှိတယ်။ အမှန်တော့ ဒါတွေဟာ လူမသမာတွေကြောင့်ဒီလိုဖြစ်တာပဲ။ ဒီလိုမဖြစ်အောင်လူကောင်းတွေစုပြီးဆောင်ရွက်ရလိမ့်မယ်။ ကျွန်တော်တို့ (KNU)က လက်လှမ်းမီသမျှတာဝန်ယူဆောင်ရွက်သွားမှာပဲ။”
“မိမိတို့ဆိုင်ရာနယ်မှ ပြောင်းရွှေ့ထွက်ပြေးသွားတဲ့ဗမာများရှိရင် စိတ်ချလက်ချပြန်လာဖို့ကို ကရင်ရောဗမာရောပေါင်းပြီးသွားရောက်ပြန်ခေါ်မယ်။ ထို့အတူ ကရင်များကိုပြန်ခေါ်တဲ့အခါမှာလဲ ဗမာရောကရင်ရောပေါင်းပြီးသွားခေါ်ရမယ်။ အပြောနဲ့မပြီးဘူး။ ချက်ချင်းလုပ်ရမယ့်ကိစ္စဖြစ်တယ်။

    ပုသိမ်မှာကျင်းပပြီးခဲ့တဲ့ ကျွန်တော်တို့ကွန်ဂရက်အစည်းအဝေးအပြီးမှာ ဗမာပြည်သူလူထုက အကူအညီတောင်းပါက တိုင်ပြည်အေးချမ်းရေးအတွက် ကူညီဆောင်ရွက်မယ်လို့အတိအလင်းဆုံးဖြတ်ချက်ချပြီး ဖြစ်ပါတယ်။ အကူအညီတောင်းရင်ပေးဖို့အသင့်ပါပဲ။ လုပ်ရန်စည်းမျဉ်းလည်းဆွဲနေပါတယ်။"

သို့ကြောင့် ဤတွေ့ဆုံမှုတွင် KNU ဥက္ကဌစောဘဦးကြီးပြောခဲ့သောစကားပြီးဆုံးပါပြီး။


Note - မောင်စင်ကြယ်, "စောဘဦးကြီးနှင့်လူမျိုးစု၏နိုင်ငံရေးပြသနာ"မှပြန်လှန်ဖေါ်ပြခြင်းဖြစ်သည်။


Comments

Popular posts from this blog

နိုင်ငံရေးဘောင်မရှိ၍စစ်ရေးဘောင်ကျယ်သထက်ကျယ်လာခြင်း

မွန်-ကရင်အတူလက်တွဲခဲ့ကြသော အတိတ်ကတော်လှန်ရေးသမိုင်း