မွန်-ကရင်အတူလက်တွဲခဲ့ကြသော အတိတ်ကတော်လှန်ရေးသမိုင်း



မွန်-ကရင်အတူလက်တွဲခဲ့ကြသော အတိတ်ကတော်လှန်ရေးသမိုင်း

             မွန်နှင့်ကရင် သွေးစည်းစဉ်က တော်လှန်ရေးရေချိန်ဟာ အခြေအနေတစ်ခုအထိရောက်ခဲ့ဖူးပါတယ်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် တွဲလက်ဖြုတ်ရသောအခြေအနေဟာ ကရင်အမျိုးသားစောဘဦးကြီးမရှိ တော့တဲ့နောက်ပိုင်းမှာ သိသိသာသာ အက်ကြောင်းများဖြစ်လာခဲ့ပြီး ယခုဆိုရင် မွန်များရဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းမှာ မြန်မာတပ်မတော်၊ မြန်မာအုပ်ချုပ်သူအာဏာရှင်များဖြစ်ပြီး ကရင်အမျိုးသား လွှတ်မြောက်ရေးတပ်မတော်သည်ပင် မွန်များအတွက် သတိထားရသော အဖွဲ့အစည်း ဖြစ်လာရ ပါသည်။ ပြီးခဲ့သည့် ၂၀၁၉မှာ ထားဝယ်မှာရှိတဲ့ မွန်တပ်တော်နှင့်ကရင်တပ်တော်များထိတွေ့မှုရှိခဲ့သလို ဘုရားသုံး ဆူမှာပင် ထိထွေ့မှုများရှိခဲ့ပြန်သည်။ စင်စစ် ကရင်လွှတ်မြောက်ရေးတပ်မတော်နှင့် မွန်လွှတ်မြောက်ရေးတပ်မတော်၏ ဘုံရန်သူသည် အာဏာရှင်မြန်မာအစိုးရနှင့် မြန်မာတပ်မတော်သာဖြစ်ပြီး မွန်နှင့်ကရင်သည် စင်စစ် လက်တွဲညီရမည့် မိတ်ဆွေဖြစ်ရမည့်အစား ရန်သူလိုဖြစ်နေခြင်းဟာ လက်ရှိမျိုးဆက်သစ် မွန်လူငယ်နှင့် ကရင်လူငယ် များအတွက် ဝမ်းနည်စရာ သမိုင်းတာဝန်ကို ချန်ရစ်ထားသည့်အလား ထင်ရပါတယ်။ သို့ပါသောကြောင့် အတိတ်က ပုံရိပ်သမိုင်းကို ပြန်လည်ကြည့်ရှုရင်း ယနေ့ မွန်လူငယ်များနှင့် ကရင်လူငယ်များ ရင်ကြားစေ့ရေး တည်ဆောသောကာလမှာ ဖိနှိပ်ခံဘဝမှ လွတ်မြောက်ဖို့ လက်တွဲရန် ရည်စူးသော စာဖြစ်သည်။


           မွန်ကရင်တော်လှန်ရေးသမိုင်းအကျဉ်းကို ဖေါ်ပြရရဖြင့် ဟိုးလွန်ခဲ့သော ၁၉၄၈ခုနှစ် August လအတွင်း အင်းစိန်မြို့ ကရင်အမျိုးသားအစည်းအရုံး (ကေ အဲန် ယူ) မှ ဥက္ကဌ စောဘဦးကြီးနှင့် အမှုဆောင်များဖြစ်ကြသော စောသာဒင်၊ ဆရာသာထို၊ ဦးဇန်၊ မန်းဂျိမ်း၊ စောစံကေ၊ မန်းဘဇံတို့နှင့် မွန်လူမျိုးရေးရာအဖွဲ့ချုပ်မှ ဥက္ကဌ နိုင်လှမောင်၊ နိုင်ဘလွင်၊တို့သည် မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်ပေါ်ထွက်လာရေးအတွက် ပူးတွဲတိုက်ပွဲဝင်ရန် ညှိနှိုင်းဆွေးနွေးကြပြီး အဓိဌာန်ပြုချက် ၄ရပ် ချပ်မှတ်ခဲ့ကြသည်။

၁။ မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်ရရှိရေးအတွက် မွန်နှင့်ကရင်ပူးပေါင်းကြိုးပမ်းမည်။
၂။ ထိုသို့ တိုက်ပွဲဝင်ရာတွင် အသက်ကို ပဓါနမထားပဲ အောင်ပွဲရသည်အထိ ဆက်လက်တိုက်ပွဲ ဝင်သွားမည်။
၃။ တစ်ဦးသဘောမတူဘဲ အခြားအင်အားစုနှင့် သဘောတူညီမှု မယူရ။
၄။ ကြိုးပမ်းမှုအောင်မြင်သည့်အခါတွင် မွန်လူထု၊ ကရင်လူထုတို့၏ ဆန္ဒအလျောက်ဆောင်ရွက်သွား မည်။
          
            အထက်ပါ ချမှတ်သည့် အချက် ၄ ချက်ကို ရန်ကုန်မြို့ထုတ် သတင်းစာအသီးသီးနှင့် ကရင်အမျိုးသားတိုးကြွေးကြော်သံသတင်းစာဖြစ်သော သုဝဏ္ဏတိုင်း၊ မွန်အမျိုးသားတို့၏ကြွေးကြော်သံသတင်းစာဖြစ်သော တနင်္သာရီတိုင်း သတင်းစာတို့တွင် တိုင်းသိပြည်သိကြေငြာခဲ့သည်။
ထိုအချင်းအရာကြောင့် အစိုးရမှ မွန်ဒေသကျေးရွာမှ ကာကွယ်ရေးလက်နက်များကို အစိုးရ၏ အမိန့်အရ ပြန်လည်သိမ်းဆည့်တော့သည်။ လာမည့်အန္တရယ်ကို ကြိုသိနေသော မွန်လူငယ်များက လက်နက်များ ပြန်လှည် မပေးအပ်ရန် ကျေးရွာများတွင် လှုံ့ဆော်ကြသည်။ ထိုကဲ့သို့အခြေအနေကြောင့် ဖဆပလအစိုးရသည် နိုင်ဘလွင်၊ မွန်စံသူ၊ နိုင်စိန်ထွန်း၊ နိုင်ဖိုးကောင်းတို့အပါအဝင် မွန်ခေါင်းဆောင် ၂၀ကျော်ကို ဖမ်းဆီးပြီး မော်လမြိုင်ထောင်တွင် အကျဉ်းချခဲ့ကြသည်။ ထို့ကြောင့် မွန်နှင့်ကရင်ပူးပေါင်းပြီး သထုံခရိုင်နှင့် မော်လမြိုင်ခရိုင်ကို သိမ်းပိုက်လိုက်တော့သည်။

               နောက်ပိုင်းတွင် ဖဆပလအစိုးရသည် မြန်မာအသံလွင့်ဌာနမှ ပွန်ကရင်နှင့် ရခိုင်ဒေသန္တရကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် စုံစမ်းရေးကော်မရှင်တစ်ရပ်ဖွင့်ပေးမည်။ ထိုကော်မရှင်တွင် မွန်၊ ကရင်၊ ရခိုင်၊ ဗမာနှင့် အခြားလူမျိုးစုကိုယ်စားလှယ်များ ပါဝင်စေမည်ဟု ကြေငြာသည်။ ထိုကြောင့် ဥက္ကဌစောဘဦးကြီးသည် မွန်းခေါင်းဆောင်များနှင့် ညှိနှိုင်းရန် ရန်ကုန်မှာ မော်လမြိုင်သို့ လေယဉ်ဖြင့် ဆင်းလာခဲ့ သည်။
၁၉၄၈ခုနှစ် အောက်တိုဘာလတွင် ဖွင့်လှစ်သော စုံစမ်းရေးကော်မရှင်အစည်းအဝေးတွင် ကရင်အမျိုးသားအစည်းအရုံး ကေ အန် ယူ မှ ကရင်ပြည်နယ်အဖြစ် *တော်ငူခရိုင်အပါအဝင်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ အင်စိန်နှင့်သာယာဝတီခရိုင်၊ ညောင်လေးပင်နယ်တစ်ပိုင်း*ကို သတ်မှတ်ပေးရန်စာတမ်းတင်သွင်းပြီး....... မွန်တိုင်းရင်းသာအစည်းအရုံးကလည်း မွန်ပြည်နယ်အဖြစ်သတ်မှတ်ပေးရန် *တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်း*တို့ကို သတ်မှတ်ပေးဖို့ စာတမ်း တင်သွင်းခဲ့သည်။ တောင်းဆိုသော နယ်မြေထပ်နေသော်လည်း #ကရင်များသည်မွန်ကိုထောက်ခံခဲ့သလို #မွန်များသည်လည်း ကရင်ကိုထောက်ခံခဲ့ကြသည်။ ထို့နောက်ပိုင်း မွန်ခေါင်းဆောင်များကို သတ်ဖြတ်ခြင်း၊ မွန်သံဃာတော်များကိုဖမ်းဆီးသတ်ဖြတ်ခြင်းနှင့်ကျေးရွာသူ ရွာသားများကို နှိပ်စက်ခြင်းများ တစ်စထက်တစ်စ ပို၍ တိုးလာသောကြောင့် မွန်တို့သည် မိမိတို့လွတ်လပ်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွဲရတော့သည်။ အခြေအနေပို၍ ဆိုးရွားလာစဉ် ၁၉၄၉ ဇန်နဝါရီ ၃၁တွင် KNDO, MNDO ကို မတရားအသင်း အဖြင့် ဖဆပလ အစိုးရမှ ကြေငြာလေတော့သည်။ ထိုကြောင့် မွန်ကရင်ပူးပေါင်းပြီး အာဏာရှင်တော်လှန်ရေး အတူတကွဆင်နွဲခဲ့ကြသည်။ အင်းစိန်စစ်ပွဲတွင် မွန်ကရင်ပူးပေါင်းခြင်းသည်လည်း အကောင်းဆုံး သမိုင်းသာဓက ဖြစ်သည်။

             အထက်ပါပုံနှင့် အောက်ပါ ပုံနှစ်ပုံသည် မိမိအနေနဲ့ ပုံ၏ သမိုင်းကြောင်းကို မသိခဲ့ရပါ။ သို့သော် သိတတ်နားလည်သော လူကြီးသူမများကို မေးမြန်းသည့်အခါ -

“ဒီပုံတွေက KNU ခေါင်းဆောင်တွေနဲ့ မွန်ခေါင်းဆောင်များတွေ ပူးပေါင်းပြီး လွပ်လပ်သောနိုင်ငံထူ ထောင်မယ်၊ ပူးတွဲအစိုးရဖွဲ့မယ်၊ ငွေးကြေးစနစ်တစ်ခုတည်းသုံးမယ်၊ အတူတိုက်ပွဲဝင်မယ်လို့ သဘောတူဆုံးဖြတ် ကြတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗမာကိုယ်လိုနီပြုတာ ခံရရင် မွန်ကရင်ဟာ ရောနှော နေထိုင်ကြတာ ကြောင့် သီးခြားခွဲလို့မရသလို ကံကြမ္မာတူ လူမျိုးတူ၊ ဘဝတူဖြစ်နေလို့ပါဘဲ။ KNDO အတိုင်း MNDO ကို ဖွဲ့စည်း ခဲ့ကြတယ်။ စိတ်မကောင်းစရာက မွန်ခေါင်းဆောင်ကို အောက်ခြေကရင်စစ်သားတွေက သေနတ်နဲ့ပစ်ခဲ့တာကြောင့် နိုင်ငွေသိမ်းဒဏ်ရာရခဲ့တယ်။ စောဘဦးကြီးကိုယ်တိုင် လူနာကိုသွားကြည့်ပြီး တောင်းပန်ပါတယ်။ သေနစ်နဲ့ပစ်တဲ့သူကို အရေးယူမယ်လို့စောဘဦးကြီး ကတိပေးတောင်းပန်ခဲ့တယ်။ မွန်ခေါင်း ဆောင်များကလည်း အရေးမယူဖို့နဲ့ ခွင့်လွတ်တဲ့အကြောင်းပြန်ပြောပါတယ်။ ပူးတွဲအခွန်ကောက်ခံရင် ကရင် ၂ပုံ၊ မွန်က ၁ပုံယူဖို့ သဘောတူခဲ့ကြပါတယ်။ သို့သော် စောဘဦးကြီးက မွန်တွေအတွက် ၃၅ရာခိုင်နှုန်းတိုးပေးပါတယ်။ လူကြီးပိုင်းက စာနာခြင်း၊ နားလည်ခြင်း၊ အပြန်အလှန်မေတ္တာထားခြင်းတွေနဲ့ မွန်ကရင်နိုင်ငံထူထောင်ဖို့ ကြိုးစားပေမယ့် အောက်ခြေမှာ မပြေလည်တာတွေ၊ အမြင်ကျဉ်းတာတွေ၊ အယူသီးတာတွေကြောင့် ခေါင်းဆောင်တွေမျှော်မှန်းတဲ့နိုင်ငံ ပေါ်မလာခဲ့ဘူး။ မကြာပါဘူး၊ တစ်လမပြည့်ခင် စောဘဦးကြီးလဲကျဆုံးသွားတော့ နောက်လူတွေက မွန်ကရင်နိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်မဖေါ်နိုင်တော့ပါဘူး။ ဓါတ်ပုံတွေက မွန်၊ ကရင်ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းဝေးမှာ စုရိုက်ထားတဲ့ပုံပါ၊ ပင်လုံစာချုပ်ကို လက်မှတ်ထိုးပြီးလို့ မွန်ကရင်စည်းဝေးပွဲလုပ်တုံးကပုံဖြစ်ပါတယ်။” (အင်တာဗြူး-၂၀၂၀)

              ဤအင်တာဗြူးမှာ စာရေးသူ သတိချပ်မိတာကတော့ အထက်လူကြီးတွေရဲ့ အစီအစဉ်ရှိမှု၊ အတွေးအခေါ်အမျှော်အမြင်ရှိမှုကို အောက်ခြေက မသိနားမလည်မှုကြောင့် ခုလို တော်လှန်ရေးဟာ လက်ရှိအထိ တော်လှန်ရေးခရီးရှည်ကြာလာပြီး တော်လှန်ရေးခရီးပန်းမည်ကိုပင် စိုးရိမ်နေရပါသည်။ တကယ်တော့ စောဘဦးကြီးကြိုးပမ်းမှုကို အောက်ခြေလူထု မသိနားလည်မှုက မွန်ကရင်နိုင်ငံထူထောင်ဖို့ အချိန်ကတည်းက မဟုတ်၊ တော်လှန်ရေး စစ်ပွဲစဖြစ်တဲ့အင်းစိန်းမှ အင်းစိန်ငြိမ်းချမ်းရေး လုပ်ဆောင်စဉ်ကာလ တောင်ငူမှာနေ သော အောက်ခြေကရင်စစ်ဗိုလ်တစ်ချို့ပင် စောဘဦးကြီးကို အထင်အမြင်လွဲကာ ရာထူးကနေနှုတ်ထွက်ဖို့ အတင်းအဖျင်းပြောခဲ့ဖူးသည်ကို စောဘဦးကြီး သိရှိခဲ့ပြီး ခေါင်းဆောင်စောဘဦးကြီး စိတ်မကောင်းဖြစ်ခဲ့ဖူးပါတယ်။ ထိုအချိန်က ၁၉၄၉ ကာလပေါ့။
သမိုင်းသင်ခန်းစာယူရမည်ဆိုပါ ခေတ်တစ်ခေတ်နှင့် တစ်ခေတ်မတူသလို နိုင်ငံရေးလမ်းကြောင်းသည်လည်း ပြောင်းလဲပါသည်။ ပြောင်းလဲခြင်းသည်သာ အမှန်တရားဖြစ်နေသည်ကို လက်မခံနိုင်သူအများပြားရှိနေပြီး ထို ပြောင်းလဲခြင်းကို လက်မခံနိုင်သူတို့ကြောင့် ပြုပြင်ပြောင်းလဲရေးများ၊ ဖွံဖြိုးတိုးတက်မှုများသည် တိုးတက်သင့် သလောက်မတိုးတက်ရဘဲ နှောင်နေးနေရခြင်းက မွန်ကရင်တော်လှန်ရေးသမိုင်းမှာသင်ခန်းစာယူသင့်သလို လက်ရှိ ကရင်နိုင်ငံရေးနှင့်မွန်နိုင်ငံရေးသည်လည်း လက်နက်စွန့်သောတော်လှန်ရေးမျိုးမဟုတ်ဘဲ နိုင်ငံရေးနည်းဖြင့် သွေးမြေမကျအောင်၊ လူမျိုးစုများအားလုံးရသင့်သောအခွင့်အရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရအောင် ဆွေးနွေးပွဲတွင် ဆွေးနွေးငြင်းခုန်နေရသော နိုင်ငံရေးမျိုးဖြစ်သည်။ ထိုကြောင့် ယခင်တော်လှန်ရေးကို စွဲလမ်းပြီး နိုင်ငံရေးလမ်းကြောင်းကို သွားနေရသောခေတ်မှာ လက်နက်ကိုင်ပြီး တိုက်ပွဲတိုက်နေမည့်အစား မိမိလက်နက် မိမိလက်ထဲ မြဲမြဲကိုင်စွဲပြီး နောက်ကွယ်တွင် နိုင်ငံရေးလမ်းကြောင်းအပေါ်တိုက်ပွဲဝင်နေသော မွန်ကရင်အဖွဲ့အစည်းနှစ်ရပ်ကို မိမိတို့ပြည်သူလူထုအနေနဲ့ အားပေးသင့်ကြောင်း၊ အထက်လူကြီးများ၏ အစီအစဉ်၊ ကြိုတင်မျှော်မှန်းချက်နှင့် အနာဂါတ်ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးကြိုးပမ်းနေမှုကို အပြုသဘောဆောင်သောဝေဖန်မှုနှင့်အတူ အားပေးသင့်ကြောင်း တွန်းအားပေးရင်း နိဂုံးချုပ်အပ်ပါသည်။


လေးစားစွာဖြင့်
စောအဲလ်ဘတ်ချို
15/06/2020


Comments

Popular posts from this blog

အလွန်တန်ဖိုးရှိသော စောဘဦးကြီး၏ သမိုင်းဝင်စကား Unicode

နိုင်ငံရေးဘောင်မရှိ၍စစ်ရေးဘောင်ကျယ်သထက်ကျယ်လာခြင်း