အောင်ဆန်းစုကြည်၏ နိုင်ငံရေးလမ်းကြောင်းဟာ ဘာကြောင့်ထင်သလောက်မအောင်မြင်သလဲ။ (Unicode)




အောင်ဆန်းစုကြည်၏ နိုင်ငံရေးလမ်းကြောင်းဟာ ဘာကြောင့်ထင်သလောက်မအောင်မြင်သလဲ။ (Unicode)


၁။ နိဒါန်း

    ယနေ့ဒီမိုကရေစီ အမျိုးသားအဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်, လက်ရှိ အစိုးရလည်းဖြစ်သလို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံတာဝန်ကို ယူထားသူလည်းဖြစ်တယ်။ ဒီနေရာမှာ သူမရဲ့ နိုင်ငံရေးလမ်းကြောင်းဟာ အချိန်တိုအတွင်းပြေလည်နိုင်ဖွယ်ရှိသော်လည်း ဘာလို့အုပ်ချုပ်ရေး ၅နှစ်တာ ကာလအတွင်းမှာ ငြိမ်းချမ်းရေးဟာ ထင်သလို အောင်မြင်ခဲ့မှုများမရတာလဲ။ ဤအချင်းအရာကို အမျိုးသားဒီမျိုကရေထောက်ခံသူအုပ်စုများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေကြောင့်ဆိုပြီး ချွင်းချက် ပေးတတ်ကြပါတယ်။ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ဖွဲ့စည်းပုံအခြေခံဉပဒေ ရေးဆွဲသည့်အချိန်ကော၊ အသိအမှတ်ပြုတဲ့အချိန်မှာပါ ဒီမိုကရေစီအမျိုးသားဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခဲ့တာမျိုး၊ ပြည်သူလူထုထောက်ခံတာမျိုး မရှိဘူးဆိုတဲ့ ပြောဆိုချက် တွေရှိပါတယ်(တစ်ချို့ကတော့ တစ်မျိုးပြောတာလည်းရှိပါတယ်)။ ဒီနေရာမှာ ကျွန်တော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးစိတ်နေသဘောထားအပေါ် အခြေခံပြီး သူမရဲ့ ငြိမ်းချမ်းရေးခရီးစဉ်ဟာ ထင်သလို ခရီးမပေါက်တဲ့အပြင် ထောက်မှုတွေလျော့နည်းလာခြင်းက သူမကို ကိုယ်စားပြုသော သူမရဲ့ လူမျိုးစုကြီးကိုသာ အားကိုးလာရသောအချိန်ဖြစ်လာပါသည်။ ချွင်းချက်အနေဖြင့် လူမျိုးစုတွေလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြသူများရှိပါသေးသည်။ မည်သို့ပင်ဖြစ်စေကာမူ သူမ၏ငြိမ်းချမ်းရေး၊ ရင်ကြားစေ့ရေးဟာထင်သလောက် မအောင်မြင်ရခြင်းဟာ လူပေါင်းမှားခြင်းနှင့် ခွဲ့ခြားဆက်ဆံလိုသောစိတ်နေသဘောထားကြောင့် မိမိတစ်ဦးတစ်ယောက်အနေနဲ့မြင်မိ သုံးသပ်မိပါတယ်။ ထိုစိတ်နေသဘောထားကို ပြင်ဆင်ပြီး စစ်မှန်သော၊ ရိုးသားသော စိတ်နေသဘောထားဖြင့်သာ ရပ်တည်ရင် ယခု ၂၀၂၀ ရွေးကောက်ပွဲမှာ သူမ များစွာ ပါဝါကြီးထွားနိုင်ပြီး ငြိမ်းချမ်းရေးကို အချိန်တိုအတွင်း ဖေါ်ဆောင်နိုင်မှာ ဖြစ်ပါသည်။ သို့သော်ပျက်စီးသွားတဲ့ယုံကြည်မှုကို တည်ဆောက်ဖို့က ယခင်ထက်ပိုပြီး တန်ဖိုးကြီးသော ပေးဆပ်မှုတွေတော့ရှိလာနိုင်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းဖြစ်စဉ်ဟာ ထင်သလောက်မအောင်မြင်ရခြင်းက သူမရဲ့ဖေဖေရဲ့သမိုင်းသင်ခန်းစာနှင့် လက်ရှိ သူမရဲ့နိုင်ငံရေးလမ်းစဉ်ကို ကြည့်ရင် သိသာပါတယ်။


၂။ သမိုင်းကသင်ခန်းစာ 

 

"မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် အောင်ဆန်းက ဗြိတိသျှအစိုးရထံမှ လွတ်လပ်ရေး “အမြန်ဆုံး” ပေးရန် သဘောတူညီမှု ရယူပြီး များမကြာမီ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ၌ ကရင်နိုင်ငံရေးခေါင်းဆောင်များက KNU ကို တည်ထောင်ခဲ့သည်။ (Aung San-Attlee Agreement, January 27, 1947) အောင်ဆန်းသည် ၎င်း၏ အစိုးရအဖွဲ့တွင် ကရင်အမျိုးသားနှစ်ဦးကို ခန့်အပ် တာဝန်ပေးခဲ့သော်လည်း ၎င်းတို့နှစ်ဦးစလုံးကို အဆိုပါ သဘောတူညီမှုအစည်းအဝေးသို့ ဖိတ်ကြားခြင်း မပြုခဲ့ပေ။ ထိုအချိန်က ဒုတိယ ကမ္ဘာစစ် အပေါ်ရှုမြင်သော အမြင်မှာ ကွာခြားသဖြင့် ကရင်နှင့် ဗမာခေါင်းဆောင်များအကြား အခြေအနေတင်းမာခဲ့ပြီး စစ်ပွဲ၏ နောက်ဆုံးနှစ်များတွင် မဟာမိတ်ဖွဲ့စည်းရန် ခက်ခဲ့သည်။ ထိုသဘောတူညီမှုတွင် ကရင်နှင့်ပတ်သက်သည့် အုပ်ချုပ်ရေးအစီအမံ သတ်သတ်မှတ်မှတ် ရည်ညွှန်း ဆွေးနွေးခဲ့ခြင်း မရှိဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆုံးဖြတ်ရန် တိုင်းပြုပြည်ပြု လွှတ်တော်တစ်ရပ် ထူထောင်ရန်ကိုသာ ရည်ညွှန်းဆွေးနွေးခဲ့သည်။ ထိုသို့အရေးထားမခံခဲ့ရသည့် ကရင်ခေါင်းဆောင် နှစ်ဦးအနက်မှ တစ်ဦးမှာ နောက်ပိုင်းတွင် KNU ၏ အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာသည့် စောဘဦးကြီး ဖြစ်သည်။ နောက်တစ်ဦးက မန်းဘခိုင်ဖြစ်သည်။" Ref: Kim Jolliffe 2006.

     ဤအချင်းအရာကိုကြည့်ပါ။ ထိုအချိန်အခါက အတိတ်သမိုင်းမှာ ကရင်များသည် ကိုယ်ပိုင်အထက်တန်းကျောင်းရှိသလို အဖွဲ့အစည်းအခိုင်မာနှင့် အစိုးရလက်အောက်တရားဝင်ကရင်လက်နက်ကိုင်အဖွဲ့တပ်မဟာများရှိပြီးသားဖြစ် ပါသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း၏ လွပ်လပ်ရေးစေတနာဟာ တကယ်တော့ ဘာနဲ့အလားတူသလဲဆိုတာ စာဖတ်သူများသာစဉ်းစာပါ။ လူမျိုးစုကရင်များကို အသိအမှတ်ပြုချင်သော ဆန္ဒမရှိသလို တိုင်းပြုပြည်ပြု လုပ်ချိန်တွင် ပွင့်လင်းမြင်သာမှုမရှိခဲ့ပါဘူး။ ထိုအချင်းအရာကြောင့် ကရင်များသည် ရွေးကောက်ပွဲသပိတ်မှောက်ခဲ့ကြပြီး မဲမပေးခဲ့ပေ။ မဲရရှိခဲ့ကြသောသူများသည် ကရင်အမျိုးသားအဖွဲ့အစည်းအရုံး(KNU)ကို ဆန့်ချင်ပြီး ဖဆပလလက်ဝေခံသည့် ဖြစ်သည့် ကရင်လူငယ်အဖွဲ့အစည်း(KYO)အဖွဲဝင်များဖြစ်ကြသည်။ မဲရရှိသော ကရင်လူငယ်အဖွဲ့အစည်းသည် ကရင်တစ်မျိုးသားတစ်ရပ်လုံး၏ မဲကို ကိုယ်စားမပြုပါ။ အဘယ်ကြောင့်ဆိုသော် ၁၉၄၈  ဖေဖေါ်ဝါရီး ၁၁ရက်က ကရင်အမျိုးသား ၄သိန်းကျော် ရန်ကုန်မှာ မူ ၄ချက်ကို ကိုင်စွဲဆန္ဒပြခဲ့ခြင်းနှင့် မြန်မာတစ်နိုင်ငံလုံးပျံနှံ့နေထိုင်သော ကရင်လူမျိုးများက ဖဆပလအစိုးရက ကားယဉ်ပြေးဆွဲမှုပိတ်ထားသောကြောင့် ရန်ကုန်သို့တက်လာ၍မရကာ သူတို့ရှိနေသောနေရာအတွင်းတွင် ဆန္ဒထုတ်ဖေါ်မှုကို ကြည့်ပါက သိသာပါတယ်။ ကရင်လူမျိုးများထောက်ခံသောအဖွဲ့အစည်းဟာ ယနေ့ KNU အဖွဲ့အစည်းသာဖြစ်သည်။ ဤနေရာမှာ မိမိပြောလိုသောအဓိပ္ပါယ်က ဗိုလ်ချုပ်အောင်ဆန်းသည် ကရင်လူမျိုးကိုလျစ်လှူရှုပြီး ကရင်လူမျိုးစုအားလုံးကို ကိုယ်စားမပြုတဲ့ ကရင်လူငယ်အဖွဲ့အစည်း (ယခင်KYO)ကို အသုံးချကာ နိုင်ငံရေးကို အမြတ်ထုတ်ခဲ့ပြီး စစ်မှန်သော ကရင်ပြည်သူလူထုရဲ့ ဆန္ဒကို လစ်လျူရှူခဲ့သည်။ ဒါက ၁၉၄၇ ကာလက ဗိုလ်ချုပ်အောင်ဆန်းလုပ်ဆောင်ခဲ့သော စိတ်နေသဘေားထား သမိုင်းတွေပေါ့။ တစ်ချို့သမိုင်းပညာရှင်တွေကတော့ တိုင်းပြုပြည်ပြု ဗိုလ်ချုပ်လုပ်ဆာင်ခဲ့ချိန်မှာ ငွေရေးကြေးရေး အခြေအနေကြောင့် ကရင်တွေ တောင်းဆိုခဲ့သော မဲဆန္ဒနယ်နဲ့အမတ်ကို မပေးနိုင်သောကြောင့်ဟုပြောကြပါတယ်။ မည်သို့ပင်ဖြစ်စဉ် ပြသနာမဖြစ်အောင် ပွင့်လင်းမြင်သာမှုရှိအောင် ထိုအချိန်က ကရင်တွေတောင်းဆိုသောအရာကို လုပ်ဆောင်ခဲ့ရင် (တရားဝင်အသိအမှတ်ပြုခဲ့ရင်) ယနေ့ နိုင်ငံရေးလမ်းကြုံစီးပြီး ကြွယ်ဝသူတွေကြောင့် တိုင်းပြည်နစ်နာခဲ့မည်မဟုတ်ပေး။ ဒါက ပြီးခဲ့သော အတိတ်က ပြသနာ သမိုင်းပေါ့။ 


၂။ လက်ရှိအခြေအနေသင်ခန်းစာ

 


                  ယခုအချိန်မှာတော့ လက်ရှိ ဗိုလ်ချုပ်ရဲ့သွေးသားအရင်း လူအများလေးစားကြည်ငြိုရသော နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံရေးကို ဦးဆောင်ချိန်ဖြစ်ပါတယ်။ တစ်ချိန်က

"KNU သည် ၁၉၉ဝ ခုနှစ်များကတည်းက NLD နှင့် ၎င်း တို့၏ ဒီမိုကရေစီလှုပ်ရှားမှုကို အစဉ်အဆက်ထောက်ခံကြောင်း ထုတ်ဖော်ခဲ့သည်။ ၂ဝ၁၂ ခုနှစ်အထိ အစည်းအရုံး၏ နိုင်ငံရေးတောင်းဆိုချက်မှာ အာဏာရှင်စနစ်မှ ဒီမိုကရက်တစ် အစိုးရသစ်တစ်ရပ်သို့ ပြောင်းလဲထူထောင်ရန်ဖြစ်သည်။ ထို့အပြင် ၎င်းတို့အနေဖြင့် NLD၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား သုံးပွင့်ဆိုင်ဆွေးနွေးပွဲများကို ထောက်ခံသွားမည်ဟုလည်း ပြောဆိုခဲ့သည်။"  Ref: Kim Jolliffe 2006.

      ပြီးခဲ့သော ၂၀၁၅တွင် KNUအနေနဲ့ NCAလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၆ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ဟာ အစိုးရဖြစ်လာပါတယ်။ အတိုင်ပင်ခံဟာ ရင်ကြားစေ့ရေးနှင့်ငြိမ်းချမ်းရေးကို အသားပေးပါတယ်။ သို့သော် သူမအစိုးရရဲ့ အတိုက်အခံမှာ လူမျိုးစုလက်နက်ကိုင်အဖွဲ့များ(EAOs)မဟုတ်ဘဲ တပ်မတော်ဖြစ်တာကြောင့် သူမရဲ့ ပထမဦးစားပေးသည် တပ်မတော်ဖြစ်လာပြီး သူမကိုယ်တိုင် ဖေဖေတည်ထောင်ခဲ့သော တပ်မတော် စသဖြင့် ချီးမွမ်းထောပဌာပြုမှုများကိုပင် ကြားရပါသည်။ မည်သို့ပင်ဖြစ်ပါစေ ကရင်လူမျိုးစုထောက်ခံသည့် ကရင်အမျိုးသားအဖွဲ့အစည်းသည်လည်း သူမရဲ့ အမျိုးသားဒီမိုကရေစီပါတီကို ထောက်ခံခဲ့သည်။ သို့သော် ငြိမ်းချမ်းရေးမှာ လူမျိုးစုတွေဟာ (မှတ်ချက်။ တိုင်းရင်းသားအသုံးအနှုန်းမိမိတစ်ဦးတစ်ယောက်အနေနဲ့ မနှစ်မျိုသောအသုံးအနှုန်းဖြစ်တာကောင့် တိုင်းရင်သားအစား လူမျိုးစုဟု အစားထိုးသုံးစွဲသည်) စစ်တပ်လိုမျိုးမဟုတ်ဘူး, သူတို့က ယုံလို့ရတယ်, သူတို့အရေးက နောက်မှ ဖြေရှင်းရင်လည်းရတယ် စသဖြင့် ခံယူချက်မျိုးထားရှိလာခြင်းကိုတွေ့ရပါသည်။ အဓိကက တပ်မတော် စသဖြင့် သူမ ပထမဦးစာပေးလုပ်ဆောင်နေသော သူမဖေဖေတပ်မတော်အရေးကို မြင်ရပါတယ်။ ဒါကြောင့် လူမျိုးစုတွေမျှော်လင့်နေတဲ့ ဖက်ဒရယ်ဒီမိုကရေကို သူမလက်ထက်မှာ အမြန်ရနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ဟာပျက်ပြယ်လာပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းဖို့စောင့်ကြည့်နေသော တစ်ခြား NCA လက်မှတ်မရေးထိုးရတဲ့ လူမျိုးစုလက်နက်ကိုင်တွေလည်း ပိုပြီးစိတ်ပျက်လာတာကို တွေ့ရပါတယ်။

    ဤနေရာမှာ မိမိရဲ့ သုံးသပ်ချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းလိုပင် လူမျိုးစုအရေးကို အထင်သေး၊ ပထမဦးစားမပေးဘဲ မိမိရဲ့ဆန့်ကျင်ဖက် လူမျိုးစုတူ တပ်မတော်နှင့်သာ အကျိုးတူ အရင် ဦးစာပေးတာတွေ့ပါတယ်။ ဒါဟာ သူမရဲ့နိုင်ငံရေးနည်းလမ်း၊ မဟာဗြူဟာအမှားလို့ သုံးသပ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်သည် စစ်မှန်သောစစ်တပ်မဟုတ်ရင် ဘယ်လိုချဉ်းကပ်ပါစေ အချင်းနှီးသားဖြစ်သည်။ မြန်မာတပ်မတော်သည် အစကနေပြန်ပြီးဖွဲ့စည်းရမည့်တပ်မတော်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သမိုင်းအစကပင် မကောင်းခဲ့သော တပ်မတော်ဟာ အနှောင်းမသေချာခြင်းရဲ့ သွင်ပြင်ကို ဆောင်သောကြောင့်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တစ်ချိန်က သူမရဲ့ ပါတီကို ထောက်ခံခဲ့သော လူမျိုးစုများ၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့များနှင့်သာအင်အားယူပြီးပြုပြင်ပြောင်းလဲရေးလုပ် သင့်ပါသည်။ သူမရဲ့ချည်းကပ်မှုရဲ့ အလွဲဟာ နောက်နှစ်ပေါင်းရဝကျော်အထိ ပြည်သူတွေခံစားနေရမှာကို စိုးရိမ်ရသောကြောင့်ဖြစ်သည်။ စင်စစ် မိမိကြားဖူးသော နိုင်ငံရေးသမားတစ်ဦးရဲ့အဆိုအရ စစ်ပွဲတစ်ပွဲမှာ တစ်ခါရှုံးရင် တစ်ကွေ့ကွေ့မှာ အချိန်တိုအတွင်း အနိုင်ယူလို့ရတဲ့နည်းလမ်းတွေရှိပါတယ်တဲ့။ သို့သော် နိုင်ငံရေးလမ်းကြောင်းလွဲပါက နှစ်ပေါင်းများစွာ နိုင်ငံရေးရဲ့သားကောင်အနေနဲ့ ဒုက္ခမျိုးစုံကြုံနိုင်တယ်လို့ပြောပါတယ်။

၄. နိဂုံး။

 

       ယနေ့ မြန်မာပြည်နိုင်ငံရေးအခင်းအကျင်းကို ကြည့်မယ်ဆိုလျှင် တိုင်းပြုပြည်ပြုစတင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် သူ့ရဲ့အမြင် အယူအဆရှေ့တန်းတင်ခဲ့သောကြောင့် သူရဲ့ဗမာလူမျိုးအချင်းချင်း သတ်ဖြတ်တာခံခဲ့ရသလို, မြန်မာပြည်ရဲ့ ပထမဦးဆုံးတော်လှန်သူများသည်လည်း လူမျိုးစုများမဟုတ်ဘဲ သခင်အမည်ခံကွန်မြူနစ်များသာဖြစ်ပြီး၊ ကရင်အမျိုးသားကာကွယ်ရေးတပ်တွေတောင် အစိုးရကို အကူအညီပေးပြီး ကွန်မြူနစ်ကို အစိုးရအစားတိုက်ခဲ့ပေးခဲ့ရဖူးပါတယ်။ နိုင်ငံရေးလမ်းကြောင်းမှားခဲ့သောကြောင့်  (မှားရခြင်းကလည်း မိမိကိုယ်ကိုယ်ဗဟိုပြုမှု, တစ်ပါလူမျိုးစု အရေးကို နောက်မှထားခြင်း) အခုဆိုရင် ကျွန်တော်တို့ရွှေပြည်ဟာ ယခင် အာရှမှာပထမအဆင့် ကမ္ဘာမှာ အဆင့် ၉ကနေ့, ,ယနေ့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံထဲရောက်ရှိရပါတယ်။ နိုင်ငံရေးမှာ ရပ်တည်ချက်သည်အရေးကြီးသည်။ ယနေ့ လူအများကြည်ညိုရသည့် ဒီမိုကရေစီအစိုးရသည် တကယ်ဘဲ ဒီမိုကရေအစိုးရလား၊ တကယ်ဘဲ ယခင်ရပ်တည်ချက်အတိုင်းရပ်တည်တာလား စသဖြင့် မေးခွန်းများစွာမေးစရာထွက်ပေါ်လာစေသော်လည်း မိမိ၏ရေးသားချက်ကို ဤမှာပင်ရပ်တန့်လိုက်ပါသည်။


စောအဲလ်ဘတ်ချို


Reference: 

Kim Jolliffee, "Ceasefire, Government and Development: The Karen National Union in Times of Change, 2016.

Photo from Google











Comments

Popular posts from this blog

အလွန်တန်ဖိုးရှိသော စောဘဦးကြီး၏ သမိုင်းဝင်စကား Unicode

မွန်-ကရင်အတူလက်တွဲခဲ့ကြသော အတိတ်ကတော်လှန်ရေးသမိုင်း

နိုင်ငံရေးဘောင်မရှိ၍စစ်ရေးဘောင်ကျယ်သထက်ကျယ်လာခြင်း