ဆောင်းရွှေစင် ရေးသားပြုစုပြီး JHRD ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အမျိုးသမီးနိုင်ငံရေး ဘာသာရပ်ဆောင်းပါးဖြစ်ပါတယ်။
ဖူးကိုးဒီးယန်း ရှုထောင့်ကနေ လိင်သဘာဝအမြင်ကိုပါ ထည့်သွင်းဆွေးနွေးပြီး ဘော်ဒီ ပိုလစ်တစ်နဲ့ဆက်နွှယ်လာရာက ဣထ္တိယ၀ါဒလှုပ်ရှားမှုအဆက်ဆက်နောက်က ပညာရပ် ဆိုင်ရာသိရှိနားလည်မှု တွန်းအားတွေကို မြင်အောင်ပြထားတဲ့ ဆောင်းပါးပဲ။
ဣတ္ထိယ၀ါဒအလွန် Post- Feminism
---------------------------------------------
ပို့စ်ဣတ္ထိယ၀ါဒအလွန် ဆိုတာနဲ့ ပတ်သတ်ပြီး ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုထားတယ်ဆိုတာ အများသဘောတူညီမှု မရှိဘူး။ ဖွင့်ဆိုချက်တွေအများစုမှာတောင်မှ တစ်ခုနဲ့တစ်ခု ပဋိပက္ခဖြစ်နေတာ ကိုတွေ့ရမယ် ။ ပို့စ် ဆိုတဲ့ အဓိပ္ပာယ်က လွန် သွားတ်ယ ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်နေတယ်။ ဒါကြောင့် ပို့စ်ဣတ္ထိယ၀ါဒ ၀ါ ဣတ္ထိယ ၀ါဒ အလွန် ဆိုတာ ဣတ္ထိယ၀ါဒဟာ သူ့ရဲ့ အဓိက ရည်မှန်းချက် ပန်းတိုင်ကို ရောက် ရှိအောင်မြင်ပြီး သွားပြီ ပြီးတော့ မိန်းမတွေအတွက် ပြည့် ၀တဲ့ ညီမျှမှုလည်း ရှိနေပြီ ။ လူမှုလိင်အပေါ် ခွဲခြားဆက်ဆံတဲ့ အစဉ်အလာနယ်နိမိတ်တွေကိုလ ည်းပေါင်းစပ်ပေး လိုက်နိုင်ပြီ ဆိုတာအပေါ် ယုံကြည်ချက်ရှိရှိနဲ့ ကြေညာ လိုက်တဲ့ ကြေညာချက်တစ်ခုလို့တောင်မှ ဆိုနိုင်တယ်။ ဣတ္ထိယ၀ါဒ အလွန်ဆိုတာ ယနေ့တည်ရှိနေတဲ့ ဣတ္ထိယ၀ါဒ နိုင်ငံတွေနဲ့ ပတ်သတ်ပြီး မကျေနပ်တဲ့ အတွက် ဖော်မြူလာချမှတ် ပေါ်ပေါက် လာတဲ့တ့ရာတစ်ခုပဲ ။ အဲဒီလို မကျေနပ်တော့ဘူးလို့ သတိထားမိလာတဲ့ အစိတ်အပိုင်းတစ်ရပ်ကတော့ ဒုတိယလှိုင်း ဣတ္ထိယ၀ါဒဟာ မိန်းမအများစုအပေါ်ကို သူတို့ရဲ့ရည်မှန်းချက်တွေ အောင်မြင်အောင် မစွမ်းဆောင် နိုင်တာကို မြင်တွေ့လာရတဲ့ အတွက်လည်းပါတယ်လို့ ဆိုကြတယ်။
--
ဣတ္ထိယ၀ါဒအလွန် ဆိုတာ တကယ်တော့ ဣတ္ထိယ၀ါဒ ဆိုတာကို ပို့စ် ဆိုတဲ့ဝေါဟာရနဲ့ ပြဿနာ ရှာဖွေထုတ် ပြ စစ်ဆေးထားတာပဲ ။ ပို့စ် ၀ါ အလွန် ဆိုတာကို တစ်ချို့ ဣတ္ထိယ၀ါဒရဲ့ နိဂုံးချုပ်သွားပြီးလို့ မဆိုလိုကြောင်းနဲ့ ယခင် ဣတ္ထိယ၀ါဒဆောင်းထားတဲ့ ဦးထုတ်ဟောင်းတွေကို လွင့်ပစ်လိုက်တာပဲ လို့ဆိုကြတယ် ။ ဣတ္ထိယ၀ါဒအလွန်က ဣတ္ထိယ ၀ါဒထဲကနေ ထွက်ပြီး ကိုယ့်ကိုယ်ကိုယ် အားကြီးလာအောင်လုပ်ဖို့ရာ နယ်မြေကို တောင်းဆိုတယ် ။ နိုင်ငံရေးဘက်ဆီ လှည့်လိုက်တယ် လို့ မတ်ဒေါနယ်က ဆိုတယ် ။ နောက်ထပ် ဣတ္ထိယ၀ါဒအလွန်အပေါ် အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ ရှိတယ်။ ဆိုဗီယာ ဖိုကာက ဣတ္ထိယ၀ါဒအလွန်ဆိုတာ ဣတ္ထိယ၀ါဒကို ကွဲပြားခြားနားတဲ့ သွင်ပြင်တစ်ခုအဖြစ်ထုတ်ဖော်ပြော ဆိုချက် သာလျင်ဖြစ်တယ် ။ ဣတ္ထိယ၀ါဒဆန့်ကျင်တဲ့ အရာတစ်ခုမဟုတ်ဘူး ” လို့ ဆိုတယ် ။ ဣတ္ထိယ၀ါဒအလွန် ဟာ လာကန်အလွန် စိတ်ခွဲပညာ ၊ ပြင်သစ် ဣတ္ထိယ၀ါဒ ၊ အဆောက်အအုံလွန်ဝါဒ သီအီုရီတွေနဲ့ ဆက်စပ်နေတယ်။ ဒုတိယလှိုင်း ဣတ္ထိယ၀ါဒရဲ့ ပုဂ္ဂလိကဆန်တဲ့ နိုင်ငံရေးနဲ့ အထက်စီးသီအိုရီတွေကနေ ဖယ်ခွာတယ် ။
--
အမ်ဘရုခ် ( ၁၉၉၇) ကတော့ ဣတ္ထိယ၀ါဒ ကို နိုင်ငံရေးမပါအောင် လျှော့ချဖို့ ဣတ္ထိယ၀ါဒအလွန်က ထွက်ပေါ် လာတာမဟုတ်ဘူး ။ ယခင် ဒုတိယလှိုင်း ဣတ္ထိယ၀ါဒနေ နောက်ထပ် အသစ်ပုံစံတစ်ခုဆီရွေ့လျားသွားခြင်းပဲလို့ ဆိုတယ် ။ တနည်းအားဖြင့် ကိုယ်ကျင့်တရားအခြေခံ ညီမျှမှု သီအိုရီကနေ သီအိုရီအခြေခံအယူအဆတစ်ခုဖြစ်တဲ့ ခြားနားခြင်း ( difference ) ဆိုတာကို ပိုအသက်ဝင်လာအောင်လုပ်လိုက်ခြင်းပဲ ။ ဘရုခ်အတွက်ကတော့ ဣတ္ထိယ၀ါဒအလွန် ဆိုတာ ဣတ္ထိယ၀ါဒနဲ့ အခြေခံ အုတ်မြစ်ကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ( anti-foundational movements ) ဖြစ်တဲ့ ပို့စ်မော်ဒန် ၀ါဒ ၊ အဆောက်အအုံလွန၀ါဒနဲ့ ပို့စ်ကိုလိုနီယာယ်တို့နဲ့ အပြန်အလှန်ဆက်စပ်ပတ်သတ်နေတဲ့ အရာဖြစ်တယ်။
ဘရုခ်ကပဲ ဆက်လက်ပြီး ပို့စ်ဣတ္ထိယ၀ါဒကို အဓိပ္ပာယ်ဖွင့်ဆိုတာကတော့ ပို့စ်ဣတ္ထိယ၀ါဒ မှာတွေ့ရတဲ့ ပို့စ်ဆိုတာ မော်ဒန်ဝါဒကို ပို့စ်တတ်လိုက်ခြင်း ၊ ကိုလိုနီဝါဒကို ပို့စ်တတ်လိုက်ခြင်း စတဲ့ အလွန် ဆိုတဲ့ အနက်ထပ် ပိုမိုရင့်ကျက်လာတဲ့ ဣတ္ထိယ၀ါဒ တစ်ရပ်အနေနဲ့သာလျင် သုံးတယ် လို့ ဆိုတယ် ။ သူမက ပို့စ် ဆိုတာ လွန်သွားတယ် ၊ ခွဲထွက်သွားတယ်ဆိုတဲ့ သဘောအဖြစ်နဲ့ မသုံးဘူး လို့ ဆိုတယ် ။ ဆက်လက်ပြီး ပုံသဏ္ဌာန်ဆိုင်ရာပြောင်းလဲနေမှု ၊ ပြောင်းလဲခြင်းဖြစ်စဉ်တစ်ခုအနေနဲ့ သုံးတာကိုတွေ့ရမယ် ။ ပို့စ်ဣတ္ထိယ၀ါဒလိုပဲ ဣတ္ထိယ၀ါဒ အပေါ်မှာ နောက်ထပ် တံဆိပ် တစ်ခုတပ်တဲ့ အမျိုးအစားတစ်ရပ်ကတော့ တတိယလှိုင်း ဣတ္ထိယ၀ါဒပဲ ။ တတိယလှိုင်းဆိုတဲ့ အဓိပ္ပာယ်က ဣတ္ထိယ၀ါဒအတွင်းက အနက်အဓိပ္ပာယ်တွေရွေ့လျားသွားပြီ ဆိုတာပဲ ။ ပို့စ် ဣတ္ထိယ၀ါဒနဲ့ တတိယလှိုင်းဣတ္ထိယ၀ါဒ သဘောသကန်ခြင်း မတူပေမယ့် နှစ်ခုစလုံးက ရွေ့လျားပြောင်းလဲသွားတာ ဆိုတဲ့ နေရာမှာ တူတယ်လို့လည်း ဘရုခ်က မြင်တယ် ။ ဒါပေမယ့် ပို့စ်ဣတ္ထိယ၀ါဒက တတိယလှိုင်း ဣတ္ထိယ၀ါဒထက်ပိုပြီး ဣတ္ထိယ၀ါဒ ( ဒုတိယလှိုင်း) အပေါ်မှာ အဖျက်သဘောဆောင် ရှုမြင်ထားတယ်ဆိုတာကိုလည်း လက်ခံတယ်။
ပို့စ်ဣတ္ထိယ၀ါဒဆီကိုရွေ့လျားသွားမှုတွေဟာ အရေးကြီးတယ်လို့ ဆွေးနွေးငြင်းခုံကြတဲ့ ပညာရှင်တွေလည်းရှိ တယ်။ သူတို့ပေးတဲ့ အကြောင်းပြချက်က ပို့စ်ဣတ္ထိယ၀ါဒဟာ ပို့စ်မော်ဒန်အတွေးအခေါ်တွေရဲ့ လွှမ်းမိုးတာကိုခံရတယ်။ ဒါကြောင့် လူမှုလိင်ကွဲပြားခြားနားမှု ( gender differences ) အပေါ်ကို ယခင် ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ဣတ္ထိယ၀ါဒီ တွေ တွေးခေါ်သလိုမျိုး ခမ်းနားကြီးကျယ်သော ဇာတ်လမ်းအဆောက်အအုံ ( grand narratives ) အတွင်းကနေ ကြည့်တာကို လက်မခံကြဘူး။ ဒါကြောင့် မိန်းမတစ်ယောက်ရဲ့ သီးခြားအမှတ်လက္ခဏာဆိုတာ ဘာလဲလို့ အတိအကျ ထုတ်ဖော်ပြဖို့မဖြစ်နိုင်ဘူး လို့မြင်ကြတယ်။ အကြောင်းက ခြားနားခြင်းတွေရဲ့ အကျိုးသက်ရောက်မှုခံရတာရယ်၊ မိန်း မတစ်ယောက်ရဲ့ သီးခြားအမှတ်လက္ခဏာဟာ လူမှုရေးအရတည်ဆောက်ပြီး အမြဲဖြစ်ပျက်ပြောင်းလဲနေတယ်လို့ လက်ခံ လာကြတာရယ်အတွက်ကြောင့်ပဲ ။ မော်ဒန်ဝါဒအတွင်းက မိန်းမတွေရဲ့ သီခြားအမှတ်လက္ခဏာတစ်ခုကို တည်ဆောက်ခံ ပုံက လစ်ဘရယ်ဥာဏ်အလင်းပွင့်ခေတ်အတွေးအခေါ်က လူသားရဲ့ အတ္တအပေါ်တည်ဆောက်ပုံအတိုင်းရှုမြင်ပြီး အံသေ တည်ဆောက်ခဲ့ကြတာဖြစ်တယ်။ဒီလိုအမြင်နဲ့ ပို့စ်မော်ဒန်လွှမ်းမိုးခံရတဲ့ ပို့စ်ဣတ္ထိယ၀ါဒအမြင်နဲ့ ကွာခြားသွားပြီလို့ ဆိုရမယ်။
--
ဘယ်လိုပဲဖြစ်ဖြစ်ပါ သူတို့ကိုယ်သူတို့ဣတ္ထိယ၀ါဒီလို့ခံယူသူအများစုကတော့
ရှေ့ကနေ ပထမ ၊ ဒုတိယ ၊ တတိယ ၊ ပို့စ်ဆိုတာတွေ မထည့်ပဲနဲ့ သတ်မှတ်ခေါ်ဝေါ်ချင်ကြတာအမှန်ပဲ။ ၁၉၇၀ခုနှစ်ကာလလောက်ကတည်းက ဣတ္ထိယ၀ါဒအတွင်း ကြီးကြီးမားမား ပြောင်းလဲခဲ့တာကို သူတို့က အလွယ်တကူ အသိအမှတ်မပြုချင်ကြဘူး။ ဣတ္ထိယ၀ါဒ နိုင်ငံရေးဟာ အမြဲတမ်း အသေဖြစ်နေတာ မဟုတ်ဘူး ။ လှုပ်ရှားပြောင်းလဲနေတာဖြစ်တယ်။ ပင်မရေးစီထဲကနေခွဲထွက်လာတဲ့အစိတ်အပိုင်းတော်တော်များများကိုလည်းတွေ့နိုင်တယ်။ တစ်ဖက်မှာလည်း ပို့စ်က္ကတ္ထိယ၀ါဒလို လက်တွေ့ နိုင်ငံရေး နယ်ပယ်ထဲက မိန်းမတွေရဲ့ ညီမျှမှုထက် အကဲဒမစ်ဆန်တဲ့ သီအိုရီသက်သက်လို တည်ဆောက်လာတာကို ဒုတိယလှိုင်းက္ကတ္ထိယ၀ါဒီတွေက မနှစ်မြို့ကြတာအမှန်ပဲ။ သင်းရိုးညွန်းတမ်းတွေမှာ ပါလာတာ၊ ကောလိပ်သင်ရိုးတွေမှာ မိန်းမစာရေးဆရာတွေအကြောင်း သင်လာရတာလောက်နဲ့ မရောင့်ရဲနိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒုတိယလှိုင်းက္ကတ္ထိယ၀ါဒရဲ့ လူဖြူ မိန်းမတွေသာလျင်ကြီးစိုးတဲ့ အမြင်တစ်ရပ်ဖြစ်နေခြင်း အပေါ်ကိုစွပ်စွဲချက်ကလည်း ပြဿနာတစ်ရပ်ပဲ။ သေချာတာ တစ်ခုကတော့ က္ကတ္ထိယ၀ါဒတွေဘယ်လောက်ပဲ ကွဲကွဲ က္ကတ္ထိယ၀ါဒရယ်လို့ အမည်ခေါ်တွင်နေခြင်းကိုက သူတို့မှာ တူညီတဲ့ ဘုံဆက်သွယ်ချက်တစ်ခုတော့ရှိတယ်။ အဲဒါကတော့ မိန်းမတွေအပေါ်လွှမ်းမိုးကြီးစိုးမှုနဲ့ ဖိနှိပ်မှုတွေကို ဆန့်ကျင် ကြခြင်းသာလျင်ဖြစ်တယ်။ အသားအရောင်းရှိသူ ၊ အလုပ်သမား ၊ လတ်စဘီယံမိန်းမတွေအတွက်ကတော့ သူတို့အပေါ် ဖိနှိပ်မှုတွေအပေါ် တိုက်ပွဲဝင်ရမယ့် ကိစ္စတွေဟာ မပြီးဆုံးသေးဘူးလို့ဆိုပါတယ်။
ဆက်လက်ဖတ်ရှုရန်ကျမ်းညွှန်း
Brooks, A. (1997) Postfeminisms: Feminism, Cultural Theory and Cultural Forms, London: Routledge.
Modleski,T. (1991) Feminism Without Women: Culture and Criticism in a ‘Postfeminist’Age, New York: Routledge.
လိင်သဘာဝ ( Sexuality )
မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်လို ၀တ်စားထားတယ် ။ ပြီးရင် သူက ယောက်ျားတွေကို မချစ်ဘူး။ မိန်းမ ချင်းသာချစ်ချင်တယ်။ သူမရဲ့ ဇီဝလိင်က မိန်းမ ဇီဝလိင် ( sex ) ဖြစ်ပေမယ့် တစ်ဖက်မှာပါတဲ့ သူချစ်တဲ့ မိန်းမရဲ့ မိန်းမဇီဝလိင်နဲ့ ထိတွေ့ဆက်ဆံဖို့ကြိုးစားတယ် ။ တနည်းအားဖြင့် အဲဒီလတ်စဘီယံ အမျိုးသမီးမှာ မိန်းမဇီဝလိင်ပါ ပေမယ့် သူမရဲ့ လိင်သဘာဝ ကတော့ မိန်းမ ဇီဝလိင်အပေါ် အခြေခံဖြစ်တည်နေတာ မဟုတ်ဘူး။ သူမရဲ့ လိုအင်ဆန္ဒ ( will ) အပေါ်မှာအခြေခံ ဖြစ်တည်နေတာ ဖြစ် တယ်။ ဒါကြောင့် ဇီဝလိင် ( sex ) နဲ့ လိင်သဘာဝ ( sexuality ) နှစ်ခု မတူကြ ဘူး။ လိင်သဘာဝ အကြောင်းပြောမယ်ဆိုရင်တော့ မရှိမဖြစ် ကိုးကားရမယ့်စာအုပ် ကတော့ ပြင်သစ်ဒဿနပညာရှင် မီရှယ် ဖူးကိုးရဲ့The History of Sexuality စာအုပ်ပါ။ဖူးကိုးကယခင်လိင်သဘာဝကို မြင်ပုံတွေကို တော်လှန် ပြောင်းလဲခဲ့တယ်လို့လည်းဆိုပါတယ် ။
--
ဖူးကိုးက လိင်သဘာဝတွေမှာ စံပုံစံ လိင်သဘာဝနဲ့ စံပုံစံနဲ့ မတူတဲ့ ဖောက်လွှဲဖောက်ပြန်ဖြစ်နေတဲ့ လိင်သဘာဝ ဆိုပြီး ခွဲခြားဆက်ဆံမှုတွေဟာ သိပ်မကြာသေးကမှ တီထွင် ဖန်တီးထားတာ ဖြစ်တယ်လို့ဆိုတယ်။ သူအဓိက ဦးတည်ပြောဆို သွားတာကတော့ လိင်တူ ဆက်ဆံမှုသဘာဝ ကို သီးခြားအမှတ်လက္ခဏာတစ်ရပ်လို ဖြစ်အောင် တည်ဆောက်မှုဟာ မကြာသေးခင်ကမှ ဖန်တီးလိုက်တဲ့ ပုံစံတစ်ရပ်ဖြစ်တယ် ဆိုတာကိုပါပဲ။ ၁၈၆၉ လောက်မှလည်း လိင်တူဆက်ဆံမှု သဘာဝ နဲ့ လိင်ကွဲဆက်ဆံမှု သဘာဝ ဆိုတဲ့ဝေါဟာရတွေက ထွက်ပေါ်လာတယ် ။ ၁၉ရာစုနှောင်ပိုင်းရောက်တော့မှ ဆေးပညာ နဲ့ ကိုယ်ကျင့်တရားအမြင်တွေ ဖန်တီးဖြစ်ပေါ်လာပြီး ဘယ်လို လိင်ဆက်ဆံမှုပုံစံ ၀ါ ဘယ်လိုလိင်သဘာဝ ကတော့ ဖောက်လွဲ ဖော်ပြပုံစံဖြစ်တယ် ၊ အပြစ်ပေးသင့်တယ်ဆိုတာမျိုးကို ပိုပြီးခွဲခွဲခြားခြားသတ်မှတ်လာတယ် ။ လိင်တူဆက်ဆံမှုဆိုတာကို လည်း ပုဂ္ဂလိက သွင်ပြင်တစ်ရပ် ၊ သီးခြားအမှတ်လက္ခဏာတစ်ရပ်အဖြစ် သတ်မှတ်လာတယ်။ ဆိုလိုတာက ရှေးယခင်က လိင်တူဆက်ဆံမှုဆိုတာ လူသားရဲ့ ကိုယ်ပိုင်စရိုက်လက္ခဏာ သီးခြားအမှတ်လက္ခဏာ တစ်ရပ်မဟုတ်ဘူး။ လူတွေက ကြုံရင်ကြုံသလို လိင်တူဆက်ဆံမှု ရှိနေပြီး အဲဒီလို လိင်တူ ဆက်ဆံတာကို လိင်တူဆက်ဆံသူလို့ခေါ်ဝေါ်သုံးစွဲပြီး ဒီလူ ကတော့လိင်တူ ဆက်ဆံသူဖြစ်တယ် ၊ ဂေးဖြစ်တယ် ၊ လတ်စဘီယံဖြစ်တယ် လို့ လူ့ရဲ့ ပုဂ္ဂိုလ် ရေး သီးခြားအမှတ်လက္ခဏာတစ်ရပ် အနေနဲ့ သတ်မှတ် လိုက်တဲ့ ပုံစံမျိုး မရှိသေးဘူး။ ဘယ်သူမဆိုလိင်တူ ဆက်ဆံနေကြပြီး လူမှုဆက်ဆံရေးပုံစံ တစ်ရပ်သာလျင်ဖြစ်တယ်။ လူတစ်ဦးရဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတစ်ရပ်ရယ်လို့ မသတ်မှတ်ခဲ့ကြဘူး။ ဖူးကိုးက လိင်ပိုင်းဆိုင်ရာ အလေ့အကျင့်တွေကို အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်ပုံတွေ ၊ လူသား တစ်ယောက်ရဲ့ လိင်သဘာဝ ကို ကန့်သတ်လျော့ချဖို့ကြိုးစားပုံတွေဖြစ်လာတဲ့ သမိုင်းကြောင်းကိုလည်း သူ့စာအုပ်မှာ တူးဆွပြထားတာကိုတွေ့ရမယ်။
--
၁၉ရာစုနဲ့ ၂၀ရာစုမှာ ဘူဇွာလူတန်းစားတစ်ရပ် ထင်ထင်ရှားရှားပေါ်ပေါက်လာတယ်။ အဲဒီဘူဇွာ လူတန်းစားက လိင်ပိုင်းဆိုင်ရာ အလေ့အကျင့်တွေကို သိပ္ပံနည်းကျလေ့လာတာ အပေါ်စိတ်ဝင်စားတယ်။ အထူးသဖြင့် စံပုံစံနဲ့ သွေဖယ် နေတဲ့ လိင်ပိုင်းဆိုင်ရာ အလေ့အကျင့်တွေအပေါ်ပိုပြီးစိတ်ဝင်စားတယ်။အဲဒီကာလအတွင်း ပေါ်ပေါက်လာတဲ့ စိတ်ခွဲ ပညာ ဆိုတာ တစ်သီးပုဂ္ဂလလူသားရဲ့ လိင်စိတ်ခံစားလိုတဲ့ဆန္ဒ ၊ အလွန်အကျွံကြိုက်နှစ်သက်မှု တွေကို စိတ်ဝင် တစားလေ့လာတယ် ။ ပြီးရင် လူသားရဲ့ လိင်သဘာဝကို စောင့်ကြည့်လေ့လာပြီး အဲဒီလိင်သဘာဝနဲ့ လူသားရဲ့ ပုဂ္ဂလိက ပုံစံ ၊ သီးခြားအမှတ်လက္ခဏာတို့နဲ့ တွဲဖက်ပစ်လိုက်တယ် ။ တဖြည်းဖြည်းလူတွေကလည်း သူတို့ရဲ့ စိုးရိမ်ပူပန်စိတ်တွေ ၊ နူရိုးဆစ်တွေ ဟာ သူတို့ရဲ့ ပုဂ္ဂလိကကိုယ်တွင်းကထွက်လာတဲ့ လိင်ရမ္မက်ဆန္ဒတွေလို့ ယုံကြည် လာတယ်။ နောက်တော့ လူတွေဟာ သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ ရမ္မက်ဆန္ဒဆိုတာ သူတို့ရဲ့ နက်ရှိုင်းတဲ့ ငါဖြစ်မှု ၀ါ ငါအတ္တ တရားကိုယ်ထဲက ထွက်ပေါ်လာတယ်ဆိုတဲ့ အမြင်ဟာ ဘုံအမြင်တစ်ရပ်ဖြစ် လာတယ် ။ သူတို့ရဲ့ လိင်သဘာဝ ဆိုတာ လူသားဘ၀ရဲ့ လျို့ဝှက်ဆန်းကြယ် မှု အသည်းနှလုံးထဲမှာ ကိန်းအောင်းနေတဲ့ အရာအဖြစ်မှတ်ယူလာခဲ့ကြ တယ်။
--
ဖူးကိုးက လိင်သဘာဝနဲ့ လူသားရဲ့ စစ်မှန်တဲ့ ငါဖြစ်မှု( self ) ကြားထဲမှာ တဖြည်းဖြည်းတိုးပွားပြီး ဆက် သွယ် လာပုံ ၊ အဲဒီဆက်သွယ်မှုဟာ အဓိကအားဖြင့် ဇီဝလိင်အပေါ် ဖော်ပြထားတဲ့ ရေးသားပို့ချမှု မျိုးစုံတို့ကြောင့်ဖြစ် တယ်ဆိုတာကို သူ့စာအုပ်မှာ လေ့လာစူးစမ်းပြခဲ့တယ်။ ဖူးကိုးနဲ့ တခြားသော အဆောက်အအုံလွန်ဝါဒီ သီအိုရီ ပညာရှင်တွေက စံပုံစံ လိင်သဘာဝ
( normative sexuality ) က သူတို့နဲ့ သွေဖည်နေတဲ့ လိင်သဘာဝတွေကို တုံ့ပြန်ရင်း ၊ သူတို့ရဲ့ မျိုးပွားနိုင်စွမ်းရှိတဲ့ ပုံစံကို တကယ့် စံပုံစံတစ်ရပ်အနေနဲ့ ထုတ်ဖော်လာပုံ ၊ မျိုးပွားခြင်းဟာ လိင်သဘာဝအတွက် မလုပ်မနေရ တွန်းအားတစ်ရပ်ဖြစ်လာပုံ သမိုင်းကြောင်းကိုထုတ်ဖော်ပြတယ်။ အဲဒီလို ထုတ်ဖော်ပြရင်းမှ လိင်ပိုင်းဆိုင်ရာ ကွဲပြားခြားနားမှုဟာ တကယ့် အနှစ်သာရ ပုံစံ ဖြစ်တယ် ဆိုတဲ့ အတွေးအခေါ်ဘက်ကို တိမ်းညွှတ်ဖော်ပြတယ်။ သဘာဝ တရားဆိုတဲ့ အရာကိုကိုင်တွယ်ပြီး သဘာဝတရားနဲ့ ဆင်တူခြင်း ကိုက်ညီခြင်း ဆိုတာကို စံပုံစံအဖြစ် တည်ဆောက်သလို ၊ လိင်တူ ဆက်ဆံမှုဟာ မျိုးပွားခြင်းလို သဘာဝတရားနဲ့ မကိုက်ညီတဲ့ ဆက်ဆံပုံဖြစ်တဲ့ စံပုံစံဖြစ်လာတယ်။ အဲဒီလို တည်ဆောက်မှုတွေဟာ တကယ့်တော့ တကယ့်အရှိတရားဖြစ်တဲ့ လိင်သဘာဝ အမျိုးမျိုးကွဲပြားနေခြင်း ဆိုတာကို ဘေးဖယ်ထုတ်ဖို့ရာကြိုးစားခြင်းပဲ။
--
ခေတ်ပြိုင်ကာလမှာ လိင်သဘာဝကိုလေ့လာသူ ဂျွန်ဂတ်နွန် ၊ ၀ီလျံဆီမွန် တို့လို ပညာရှင်တွေက လိင်သဘာဝ အဓိပ္ပာယ်ဟာ လူမှုရေးအရတီထွင်ဖန်တီးခံရတယ်ဆိုတဲ့ အယူအဆကိုကိုင်စွဲကြတယ်။ အထူးသဖြင့် လူသားရဲ့ ခန္ဓာကိုယ် ကို မြင်တဲ့အမြင်တွေမှာ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြတာကိုတွေ့ရမယ် ။ အဓိကအားဖြင့် ဖွင့်ဆိုချက်အများစုဟာ လိင် အင်္ဂါ အပေါ်ကို အခြေခံပြီး အဓိပ္ပာယ်အသေတွေ ၊ တစ်ကြောင်းသွားတွေနဲ့ တည်ဆောက်ခဲ့ကြတယ်။ အဲဒီဇီဝလိင် အပေါ် အခြေခံဖြစ်ပေါ်လာတဲ့ လူမှုလိင် ( gender ) ၀ါ လူမှုရေးအရတည်ဆောက်ခံ လိင်သဘာဝ အမျိုးမျိုးကိုတော့ လစ်လျူရှုခဲ့ ကြတာများတယ်လို့ မြင်တယ်။ သူတို့က ယခင်က လိင်သဘာဝ အပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေဟာ ဇီဝလိင်အပေါ် အခြေခံ ဖြစ်ပေါ်လာတဲ့ လိင်ပိုင်းဆိုင်ရာ ပြုမူလှုပ်ရှားမှုတွေအပေါ်ကိုသာလျင် အခြေခံခဲ့ကြတာ။
ပြီးတော့ အဲဒီလို အသေဖွင့်ဆိုထားတဲ့ လိင်ပိုင်းဆိုင်ရာ ပြုမူလှုပ်ရှား ဆောင်ရွက်မှုကို လူမှုရေးအစီအစဉ်တွေ ၊ လူမှုရေးအတွင်းက ဘာသာရေး အစီအစဉ်ဆိုတာတွေနဲ့ ပေါင်းဖက် လိုက်ကြတဲ့အခါမှာ ပိုပြီး တည်တံ့ ခိုင်မြဲလာတယ်။ သူတို့တွေက ဖရွိုက်နဲ့ ဖရွိုက် အခြေခံ စိတ်ခွဲပညာတွေက ခန္ဓာကိုယ်နဲ့ သဘာဝ ဆိုင်ရာနှစ်ခုအပေါ်မှာ အလွန်အကျွံအလေးအနက်ထား တွဲဖက် လွန်းအားကြီးတယ် လို့လည်းမြင်တယ်။ တစ်ဖက်မှာလည်း သူတို့က ခန္ဓာကိုယ်နဲ့ တက်ဘူးတွေ ဟာ အတိုင်းအတာ တစ်ခုအထိတော့ ကာလတရားနဲ့ ယဉ်ကျေးမှုကို ဖြတ်သွားတဲ့အခါ ရွေ့လျားပြောင်းလဲသွားတယ်လို့ တော့ ယူကြပါတယ် ။ ဒါပေမယ့် စိတ်ခွဲပညာရှင် အဲဒီခေတ်ကာလက လိင်ဗေဒပညာရှင်တွေက လိင်ပိုင်းဆိုင်ရာ အပြုအမူတွေမှာ ရွေ့လျား ပြောင်းလဲနေတဲ့ အနက်အဓိပ္ပာယ်တွေ ရှိတယ် ဆိုတာကိုတော့ သိပ်ပြီး စိတ်မ၀င်စားကြဘူး။ ဖူးကိုး တို့ကတော့ လိင်ပိုင်းဆိုင်ရာ ပြုမူလုပ်ဆောင်ချက်တွေဆိုတာ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာနောက်ခံ ဆက်တင်မရှိပဲ နဲ့ အဲဒီအပြုအမူတွေကို လိင်တူဆက်ဆံမှုသဘာဝလား ၊ စံသွေနေတာလား ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုတာမျိုးဟာအဓိပ္ပာယ်မရှိလှဘူးလို့မြင်တယ်။
--
ခေတ်သစ် က္ကတ္ထိယ၀ါဒီတွေအယူမှာ ထိပ်တိုက်တွေ့နေတယ်လို့ ထင်ကောင်းထင်နိုင်တဲ့ အမြင်နှစ်ရပ်ရှိတယ်။ ပထမတစ်ခုကတော့ လိင်ကွဲဆက်ဆံ မှုဆိုတာ ယောက်ျားလွှမ်းမိုးကြီးစိုးတဲ့ ပါဝါဆက်ဆံမှုတွေ အတွင်းက တည်ဆောက်ခံလိုက်ရတဲ့လမ်းကြောင်းကို ခွဲခြမ်း စိတ်ဖြာဖို့ရာ ကြိုးစားတာပဲ။ နောက်တစ်ခုကတော့ ဇီဝလိင်ဟာ မိန်းမတွေအတွက် အပြုသဘောင်ဆောင်တဲ့ ဘ၀-အင် အားတွေရှိတယ်ဆိုတာကို အဓိကထားအာရုံစိုက်ဖို့ရာကြိုးစားတာပဲ။ ဒီနှစ်ခုက အနည်းငယ် ထိပ်တိုက်တွေ့စရာရှိတယ်လို့ ထင်ကောင်းထင်နိုင်တယ်။ တစ်ခုက လိင်သဘာဝအပေါ်ကို ယောက်ျားတွေရဲ့တည်ဆောက်မှုလမ်းကြောင်းကိုရှာဖွေတယ်။ လိင်သဘာဝဟာ တည်ဆောက်ခံလိုက်ရတယ်လို့ယူတယ်။ ဒါဆိုရင် ဇီဝလိင်ဆိုတာ အရှိတရားမဟုတ်ဘူး ရယ်လို့ ဖြစ်ရမယ်။ ဒါပေမယ့် တပြိုင်နက်တည်းမှာပဲ ဇီဝလိင် အပေါ်အခြေပြုပြီး မိန်းမတွေ ( မအင်္ဂါရှိသူတွေ ) ဟာ အပြုသဘောဆောင်တဲ့ ဘ၀အင်အား တွေရသင့်ဆိုတဲ့ အပေါ်တိမ်းညွတ်ပြန်တယ်။
ဆန့်ကျင်ဘက်ဖြစ်ပြီးထိပ်တိုက်တွေ့နေတာမျိုး တော့မဟုတ်ဘူး။ တကယ်က ဒီနှစ်ခုစလုံးဟာ သမိုင်းကြောင်းအရ တောင်းဆိုဖို့ရာ ထိုက်တန်တဲ့ အရာတစ်ခုကို တောင်းဆိုရင်းဖြစ်ပေါ်လာတဲ့ လိပ်ခဲတည်းလည်း အမြင်နှစ်ရပ်လို့တော့ဆိုနိုင်တယ်။ မိန်းမတွေအတွက် အပြုသဘောဆောင်တဲ့ ဘ၀-အင်အားတွေရှိရမယ် ဆိုတဲ့ အမြင်ဟာ ၁၉၆၀ခုနှစ်များလစ်ဘရယ် အတွေးအခေါ်နဲ့အတူထွက်ပေါ်လာတာ။ လိင်ပိုင်းဆိုင်ရာတော်လှန်ရေးအတွက် ဦးတည်ထားတဲ့ အမြင်ပဲ။ အဲဒီလှုပ်ရှားမှုတွေကြောင့် လိင်ကွဲဆက်ဆံရေး ၊ လိင်တူဆက်ဆံရေးနဲ့ လိင်ရမ္မက်တွေဟာ အတိုင်းအတာ တစ်ခုအထိတော့ ပွင့်လင်းလာတယ် ။ ပထမအမြင်က ဖြစ်တဲ့လိင်သဘာဝဆိုတာ တည်ဆောက်ခံထားရတာဆိုတဲ့ အမြင်ကလည်း အကူအညီ ပေးခဲ့တယ်။ ဒုတိယလှိုင်း က္ကတ္ထိယ၀ါဒကလည်း ဒါကို အခြေပြုပြီး မိန်းမတွေဟာ လိင်ရမ္မက် အရ ပြုသူတွေဖြစ်ပြီး အပြုခံလို့ မမြင်ဖို့ရာတောင်းဆိုတယ်။ သူတို့ရဲ့ လိင်ရမ္မက်တွေကို လွတ်လွတ်လပ်လပ်ထုတ်ဖော် နိုင်မယ့်လမ်းကြောင်းအသစ်တွေကို ရှာဖွေကြတယ်။
ဣတ္ထိယ၀ါဒီတွေနဲ့ပတ်သတ်လာရင် သူတို့ရင်ဆိုင်နေရတဲ့ အဓိကပြဿနာက ကိုယ်ဝန်ဖျက်ချခွင့် ၊ ကိုယ်ဝန် တားဆီးမှုတွေပဲ။ နောက်ထပ်ရင်ဆုံကြုံတွေရတဲ့ လိင်သဘာဝကတော့ ပိုနိုဂရပ်ဖီ ၊ နိုင်ငံရေးအရလတ်စဘီယံဖြစ်မှုတွေနဲ့ ဆိုင်တဲ့အရာတွေပဲ ။ ဂေးနဲ့ လတ်စဘီယံတွေ ၊လိင်တူ ဆက်ဆံမှု သဘာဝတွေအတွက်တော့ အေအိုင်ဒီအက်ရောဂါပေါ် လာတဲ့အခါ အတော်ကလေး အကျပ်အတည်းဖြစ်ခဲ့တယ်။ ဣတ္ထိယ၀ါဒီတွေကတော့ ပိုနိုဂရမ်ဖီဟာ မိန်းမတွေကို သားကောင်တွေလို ဖိနှိပ်ထားတဲ့အရာပဲလိုခံယူပြီး အတော်ကလေးဒေါသထွက်ကြတယ်။ နိုင်ငံရေးအရ လစ်စဘီယံ ဖြစ်မှု ဆိုတာကတော့ အက်ကင်ဆင်လို ဣတ္ထိယ၀ါဒီတွေတင်ပြကြတဲ့ - ဣတ္ထိယ၀ါဒီတွေအားလုံးဟာ နိုင်ငံရေးအရ လတ်စဘီယံဖြစ် တယ်ဆိုတဲ့ အယူအဆကနေထွက်လာတဲ့အမြင်ပဲ။ နောက်ပိုင်းမှာဣတ္ထိယ၀ါဒီ တွေဟာ
နိုင်ငံရေးအရ လတ်စဘီယံ ဖြစ်တယ်ဆိုပြီး လိင်ပိုင်း အလေ့အကျင့်တစ်ရပ်နဲ့ ဆက်စပ်သွားတယ်။
--
၁၉၇၉မှာ လိဒ်တော်လှန်ရေးဣတ္ထိယ၀ါဒီတွေကတော့ “နိုင်ငံရေး လတ်စဘီယံဆိုတာ ယောက်ျားတွေနဲ့ လိင်မဆက်ဆံတဲ့ မိန်းမတွေကိုဆိုလိုတယ် ၊ မိန်းမတွေနဲ့ လိင်ဆက်ဆံတဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူရှိတဲ့ မိန်းမတွေလို့ မဆိုလိုဘူး ” လို့ အဓိပ္ပာယ်ဖွင့်ဆိုကြ တယ်။ နိုင်ငံရေးလတ်စဘီယံဆိုတာ လိင်အရဘာမဆိုလုပ်မယ် ဆိုတဲ့သဘောမရှိဘူး၊ အဓိကအချက်ကတော့ လိင်ကွဲဆက်ဆံမှုရဲ့ အထက်အောက်ဖိစည်းမှုတွေကို လက်မခံတဲ့ လိင်ပိုင်းဆိုင်ရာသဘောထား ၇ှိသူတွေကို ရည်ရွယ်တယ် ။
ဒါကြောင့်လတ်စဘီယံရှေ့မှာ နိုင်ငံရေးဆိုတဲ့ ဝေါဟာရကို တပ်ပြီး နိုင်ငံရေးလတ်စဘီယံလို့ သုံးနှုန်းရခြင်းဖြစ်တယ် ။ သူတို့က လိင်ကွဲဆက်ဆံတဲ့ အလေ့အကျင့်တွေရဲ့ အတွင်းပိုင်းသဘာဝမှာကိုက ဖိနှိပ်မှုသဘော ရှိနေပြီး ပြောင်းလဲဖို့ရာ ဖြစ်နိုင်ချေမရှိဘူးလို့လဲ ယူကြတယ်။ လတ်စဘီယံ ဣတ္ထိယ၀ါဒီတွေက ဒီအမြင်ကိုထောက်ခံ ကြပေမယ့် လိင်ကွဲဆက်ဆံမှုကိုသာလျင်လုပ်တဲ့ ဣတ္ထိယ၀ါဒီတွေအတွက်ကတော့ ဒီအမြင်ဟာ လိင်ကိစ္စသက်သက် ကိုသာလျင် ရည်ညွန်းလွန်းတယ်လို့ မြင်ကြ တယ်။ ဒါကြောင့် ဣတ္ထိယ၀ါဒလမ်းကြောင်း အတွင်းမှာတောင် လတ်စဘီယံ က္ကတ္ထိယ၀ါဒီနဲ့ လိင်ကွဲဆက်ဆံသူ ဣတ္ထိယ၀ါဒီတွေဟာ လိင်သဘာဝ အပေါ်ရှုမြင်တဲ့ လမ်းကြောင်းမှာ ကွဲလွဲကြတယ်လို့ မြင်နိုင်တယ်။
--
လိင်ကွဲဆက်ဆံသူ ဣတ္ထိယ၀ါဒီတွေက နိုင်ငံရေးလတ်စဘီယံတွေရဲ့ အမြင်ကို လက်မခံနိုင်ကြဘူး။ ဒါကို လတ်စဘီယံ ဣတ္ထိယ၀ါဒီတစ်ဦဖြစ်တဲ့ ကာရိုးဗန့်စ်က မေးခွန်းထုတ်တယ်။ သူက ဣတ္ထိယ၀ါဒီတွေလက်ခံထားကြတဲ့ “ ပုဂ္ဂလိကဆိုင်ရာဟာ နိုင်ငံရေးဆိုင်ရာ ဖြစ်တယ်ဆိုတဲ့ အမြင်ရဲ့ အဓိပ္ပာယ်က လိင်ပိုင်းဆိုင်ရာ ဘ၀ဆိုတာ တစ်သီးပုဂ္ဂ အားဖြင့်သက်ဆိုင်ရာတဲ့ အရာဖြစ်သလို ၊ လူအားလုံးနဲ့ လုံးလုံးသက်ဆိုင်တဲ့ နိုင်ငံရေး ဆိုင်ရာ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူး လား ” လို့ မေးခွန်းထုတ်တယ်။ ဒါကိုလက်ခံတယ်ဆိုရင် ဣတ္ထိယ၀ါဒီတွေအားလုံးကြားမှာ မြင့်မားစွာ တူညီနေ တဲ့ လိင်ပိုင်းဆိုင်ရာ ဘ၀တွေရောမရှိသင့်ဘူးလားလို့ဆိုတယ်။ သူမအဓိကထားပြောချင်တဲ့အရာကတော့ လိင်သဘာဝ ကို တည်ဆောက်ကြတဲ့အခါမှာ လိင်ကွဲဆက်ဆံသူ ဣတ္ထိယ၀ါဒီတွေလို
ယောက်ျား လွှမ်းမိုးကြီးစိုးတဲ့ အကျိုးအမြတ်နဲ့ ဖိနှိပ်မှုတွေရဲ့ နံဘေးနားမှာ တည်ဆောက်ထားခြင်းဟာ အန္တရာယ်မရှိလွန်းဘူးလား ဆိုတဲ့ အမြင်ပဲ။ သူမရဲ့ အမြင်မှာ လိင်ကွဲဆက်ဆံမှုသဘာဝဟာ ဣတ္ထိယ၀ါဒအမြင် အတွက် ပြဿဿဿ နာရှိနေတဲ့အရာပဲ လို့ကိုမြင်တာဖြစ်တယ်။
စမတ်နဲ့ ရစ်ချတ်ဆင်တို့က လိင်ကွဲဆက်ဆံမှုသဘာဝဆိုတာကို
( လက်ထပ်ထိမ်းမြားခြင်း ၊လိင်ကွဲနှင့် ဆက်ဆံခြင်း ကသာလျင် သာမန်စံပုံစံဖြစ်ခြင်း ဆိုတဲ့ ) အင်စတီကျူးရှင်းအတွင်းထည့်သွင်းထားခြင်းဟာ “တစ်သီးပုဂ္ဂလ မိန်းမတစ်ဦးအနေနဲ့ လိင်ကွဲဆက်ဆံမှု ဆိုင်ရာ အင်စတီကျူးရှင်းအခြေခံရေးသားပို့ချမှုတွေနဲ့ စေ့စပ်ညှိနှိုင်းရတာ၊ ခုခံ ရတာ ၊ စိန်ခေါ်ရတာတွေကို အမြဲလုပ်နေရပြီး အဲဒီအရာတွေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုကိုပြန်လည်ခံနေရတယ် ” လို့ မြင်ကြတယ်။ ဒါကြောင့် လတ်စဘီံယံတွေက “လတ်စဘီယံဖြစ်ခြင်းဟာ သူ့ရဲ့အတွင်းပိုင်းမှာကိုက နိုင်ငံရေးဆန်တဲ့ သီးခြားအမှတ်လက္ခဏာရှိနေတယ် ” လို့ ဖွင့်ဆိုကြတယ်။ ကွီးယား သီအိုရီ နဲ့ အဆောက်အအုံလွန်ဝါဒအခြေခံ လူမှုလိင် အမြင်ကတော့ ဒါကို အစွန်းရောက်တယ်လို့ မြင်ပြန်ရော ။ အကြောင်းက သူတို့ဟာ လိင်တူ လိင်ကွဲ နှစ်ခုတွဲဆန့်ကျင်ဘက် အတွင်းက အသေသတ်မှတ်ချက်ကို ငြင်းပယ်တယ်။ လိင်ဟာ လူမှုရေးအရ တည်ဆောက်ခံရတယ်ဆိုရင် လိင်တူဆက်ဆံ မှု သီးခြား အမှတ်လက္ခဏာဟာလည်း ပုံသေစွဲမြဲနေတာမျိုးမရှိဘူးလို့ မြင်ကြတယ်။ ဒီလိုပဲ လိင်ကွဲဆက်ဆံမှုရဲ့သဘာဝ ဟာလည်း တည်မြဲနေမှာ မဟုတ်ဘူး ။ ကိုယ့်ရဲ့ လိင်သဘာဝကို ကိုယ်ပြန်လည်တောင်းဆိုမှုလုပ်ကြတဲ့အခါ ကိုယ့်ရဲ့ ဖြစ်ရှိမှုနဲ့ ပြောင်းလဲမှုပုံစံတွေအပေါ်မှာပဲ လက်ခံပေးဖို့ ၊ ယုံကြည်ဖို့ရာသာလျင် လိုအပ်တယ်လို့ လည်းခံယူကြတယ်။
ဆက်လက်ဖတ်ရှုရန်ကျမ်းညွှန်း
Richardson, D. (2000) Rethinking Sexuality, London: Sage.
Vance, C.S. (1992) Pleasure and Danger: Exploring Female Sexuality, London:Pandora.
Weeks, J. (1985) Sexuality and its Discontents: Meanings, Myths and Modern Sexualities, London: Routledge.

Comments
Post a Comment