"ဒီဘဝ ဒီမျှသာ…"
***********************************************************
ကံကောင်းပြီးမှ ချောက်ထဲကျခဲ့တဲ့ သူငယ်ချင်းတစ်ယောက်အကြောင်း မရေးချင်ဘဲ ရေးရပါဦးမယ်။ ကျနော်တို့ သူငယ်ချင်းတစ်သိုက်မှာ ဗွေဆော်ဦး မိန်းမရ အိမ်ထောင်ကျသူပေါ့။ တက္ကသိုလ်တခုတည်း အတူတက်ခဲ့တဲ့ သူတို့သမီးရည်းစားနှစ်ယောက် ဘွဲ့ရပြီး လပိုင်းလောက်ကြာတဲ့အခါ ချောမောလှပတဲ့ သတို့သမီးလောင်းနဲ့အတူ မင်္ဂလာဆောင်ဖိတ်စာကို ဝင့်ဝင့်ကြွားကြွား ပေးလာတော့ ကျနော်တို့တွေ အရမ်းအားကျခဲ့ရပါတယ်။ သတို့သမီးဘက်က မိဘဆွေမျိုးတွေကလည်း သူတို့နယ်မှာ အလွန်ချမ်းသာကြွယ်ဝတာမို့ ဘွဲ့ရပညာတတ် သူဌေးသမီးချောချောလေးနဲ့ မင်္ဂလာဆောင်ပြီး မိဘတွေ လက်ဖွဲ့တဲ့ တိုက်ခန်းအသစ်လေးမှာ သူတို့ရဲ့ ဘဝဟာ ပြည့်စုံသာယာလွန်းလှပါပြီ။

ဒီလိုနဲ့ တနေ့မနက် စောစောစီးစီးကြီး ကျနော့ဆီကို အဲဒီဖိုးကံကောင်းသူငယ်ချင်း အူယားဖားယား ရောက်လာပြီး အတင်းနှိုးပါတယ်။ ကျနော်လည်း ဒီကောင် ကလေးရတော့မယ်ထင်တယ်လို့ အတပ်ဟောလိုက်တာ တက်တက်စင် လွဲတာပဲ။ သူ့မိန်းမ သူများနောက် ပါသွားလို့ ပြန်ခေါ်ပေးဖို့ ကျနော့ကို အသည်းအသန် အကူအညီတောင်းတာခင်ဗျ။

သူ့ခမျာ ပိုပြီး ရှက်ရပုံက သူ့မိန်းမ လိုက်သွားတာ ယောက်ျားအစစ်မဟုတ်တဲ့ ယောက်ျားလျာတစ်ယောက် ဖြစ်နေပြန်တယ်။ ပါသွားချင်းပဲ နယ်က ယောက္ခမတွေဆီ အမြန်အကြောင်းကြားပြီး ပြန်ခေါ်ဖို့ ကြိုးစားတယ်။ မရတော့ ကျနော့ကို အကူအညီတောင်းပြီး ဖျောင်းဖျပေးဖို့ အသည်းအသန် လာပြောတာ။ ကျနော့ကိုမှ ရွေးရတဲ့အကြောင်းကတော့ မိန်းမလျာ၊ ယောက်ျားလျာတွေကို လှောင်ပြောင်သရော်တာတွေ မလုပ်သင့်ဘဲ နားလည်စာနာကြဖို့ ကျနော်က သူငယ်ချင်းတွေကို အမြဲပြောတတ်လို့ပါပဲ။ နားလည်မှုမရှိတဲ့ တခြားသူငယ်ချင်းတွေ ဒီကိစ္စကို မသိစေချင်တော့ ကျနော့ကို အပူလာကပ်တာပါ။ မိန်းမက သူ့ကိုလည်း အတွေ့မခံတော့ဘူးတဲ့။

ဒီတော့၊ ကျနော်လည်း သူ့မိန်းမကို ရှာဖွေဆက်သွယ်ပြီး နှစ်ယောက်ချင်း စကားပြောဖို့ ချိန်းရပါတယ်။ သူ့မိန်းမနဲ့ သူ့ဘဲ အဲလေ သူ့ဟဝှာ ချိန်းတဲ့နေရာကို ရောက်လာတော့ အဲဒီဟဝှာကလည်း ကျနော်ထင်သလို ကျားကျားယားယား ယောက်ျားပုံစံကြီး မဟုတ်ဘူး။ ချောချောနုနု မျက်နှာလေးနဲ့ ကိုယ်လုံးသွယ်သွယ်လေးပါ။ ကက်ဦးထုပ် နောက်ပြန်ဆောင်းထားပြီး ဆံပင်ခပ်တိုတို၊ ရှပ်အင်္ကျီအကွက် ယောက်ျားဆန်ဆန် ဝတ်စားမထားရင် မိန်းမချောလေးပါပဲ။ ကျနော်က နှစ်ယောက်ချင်း ခဏစကားပြောချင်လို့ သူ့ကို တခြားသွားဖို့ ပြောတော့  ဂျစ်ကန်ကန် ရန်စောင်နေသေးတယ်။ အမျိုးသမီးကို ဘာမှ မဖြစ်စေရဘူး၊ သူ့ဆန္ဒမပါဘဲ ဘယ်မှခေါ်မသွားပါဘူးလို့ ကတိတွေ အထပ်ထပ်ပေးမှ ပေစောင်းပေစောင်း ထွက်သွားလေရဲ့။

ကျနော်လည်း သူငယ်ချင်းရဲ့ မိန်းမကို အကျိုးအကြောင်း အရင်မေးရတာပေါ့။ ဘာတွေ ဘယ်လို ဖြစ်လို့လဲ၊ ရန်ဖြစ်သလား၊ မကြိုက်တာတွေ လုပ်သလား၊ မယားငယ်ရှိသလား၊ တခြားမိန်းမနဲ့ ရှုပ်တဲ့သတင်းကြားလို့လား၊ လောင်းကစား၊ အရက်နဲ့ မူးယစ်ဆေးသုံးလို့လား စတာတွေ မေးကြည့်တော့ အဖြေက အားလုံးနိုးပဲ။

ဒီတော့၊ ရှေ့မျက်နှာ နောက်ထားပြီး၊ အိပ်ရာထဲကကိစ္စတွေ မေးရပါတော့တယ်။ သူမကြိုက်တဲ့ ကာမဆက်ဆံမှုတွေ အတင်းလုပ်တာ ရှိမရှိ မေးကြည့်ပါတယ်။ တချို့လူတွေဟာ အပြင်ပန်းမှာ သာမန်ပေမဲ့ ကာမဆက်ဆံတဲ့အခါ BDSM (Bondage, Dominance, Sadism, Masochism) ဆိုတဲ့ တုပ်နှောင်တာ၊ ကျွန်နဲ့သခင်လိုအနိုင်ကျင့်ဆက်ဆံတာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ နှိပ်စက်ခံချင်တာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိတယ်။ တရားဝင်လက်ထပ်ပြီးမှ အဲလို BDSM လိင်မှုကိစ္စတွေ သိပြီး အဆင်မပြေဖြစ်ကြတဲ့ လင်မယားတွေ အများကြီး ရှိတာပေါ့။ ဒါမျိုးတွေလည်း မလုပ်ပါဘူးလို့ ဖြေပါတယ်။

မျက်နှာပူပူ ဆက်မေးတော့ အရွယ်အစား သေးတာကြီးတာ၊ အလိုဆန္ဒပြည့်ဝအောင် မဖြည့်ဆည်းနိုင်တာမျိုးလည်း မဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ဖြေတယ်။ ပြီးတော့မှ အဲလို ကာမကိစ္စတွေနဲ့ မသက်ဆိုင်ဘဲ အချစ်တစ်ခုတည်းကြောင့်လို့ သူက ပြောတော့ ကျနော်လည်း နားလည်ရခက်ခက် အံ့ဩရပါတယ်။

နောက်တော့ သူ့ဘဝကို အတော်ကြာအောင် ပြောပြပါတယ်။ သူဟာ ငယ်ငယ်ကတည်းက မိန်းကလေးချင်း စိတ်ဝင်စားပြီး ချစ်စိတ်ရှိတာ သူ့ဖာသာ သတိထားမိတယ်။ ဒါပေမဲ့ မိဘတွေ မျက်နှာမပျက်အောင် သူ ယောက်ျားပဲ ယူရမယ်ဆိုတာ သိတယ်။ ဒါကြောင့် သူက မောင်လို့ ခေါ်တဲ့ ကျနော့သူငယ်ချင်းနဲ့တွေ့တော့ လက်ထပ်တဲ့အထိ ဖြစ်ခဲ့တယ်။ ယောက်ျားယူပြီးရင် မိန်းမချင်း စိတ်ဝင်စားတာ တဖြည်းဖြည်း လျော့သွားလေမလား သူထင်ခဲ့မိသတဲ့။ ဒါပေမဲ့၊ ဖိုးနီနဲ့တွေ့တော့ သူတို့ချင်း မခွဲရက်အောင် ချစ်မိသွားတယ်လို့ ပြောပြတယ်။ သူ့ယောက်ျားလျာရဲ့ နာမည်အမှန်က နီလာပေမဲ့ ယောက်ျားလေးဆန်ဆန် ဖိုးနီလို့ ခေါ်မှကြိုက်တယ်ဆိုပဲ။

မောင်က သူ့အပေါ် လိုလေသေးမရှိ ချစ်ခင်ကြင်နာယုယပေမဲ့ ဖိုးနီကို ချစ်ရတဲ့ ရင်ခုန်ခံစားမှုနဲ့ အတူနေရတဲ့ဘဝဟာ သာယာကြည်နူးစရာ အပြည့်ပဲတဲ့။

မောင်နဲ့လက်ထပ်ပြီး အတော်ကြာတော့ မောင်က သားသမီးရအောင် ကြိုးစားလာတဲ့အခါ သူကြောက်လန့်စိုးရိမ်လာတယ်။ မောင်နဲ့ အတူဆက်နေလို့ ကိုယ်ဝန်ရသွားရင်၊ သားသမီးမွေးလာရင် သူမပျော်တဲ့ဘဝမှာ တစ်သက်တာလုံး နေရတော့မှာမို့ ဖိုးနီနဲ့ တူနှစ်ကိုယ် ဘဝသစ်ထူထောင်ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်တာပါတဲ့ဗျာ။

အဲဒီကိစ္စဟာ နှစ်ဖက်မိဘတွေရော၊ ကိုးကွယ်တဲ့ဆရာတော်ကြီးများပါ ဘယ်လိုမှ ဖျောင်းဖျနားချလို့ မရဘဲ တရားဝင်ကွာရှင်းပြတ်စဲပြီး ဇာတ်သိမ်းသွားတယ်။ ကျနော့သူငယ်ချင်းလည်း အဲဒီကတည်းက သင်္ဘောလိုက်သွားသလိုလို အဆက်အသွယ်ပြတ်ပြီး ပျောက်သွားလိုက်တာ ခုထိပါပဲ။ ဒါဟာ သူ့ဘဝမှာ အလွန်အထိနာလှတဲ့ ဖြစ်ရပ်ကြီးမဟုတ်လား။

ကျနော်ဟာ သူငယ်ချင်းဘက်က ရပ်တည်ပြီး သူ့ကို လှည့်ဖြားခဲ့တဲ့ သူ့မိန်းမကို မုန်းတီးနာကျည်းခဲ့တယ်။

ကျနော် နိုင်ငံခြားထွက်ပြီး ထိုင်းနိုင်ငံ ဗန်ကောက်ရောက်တော့ သိကျွမ်းခင်မင်ခဲ့သူတွေထဲက သင်္ဘောအရာရှိတစ်ယောက်ဟာ ဂေးမှန်း နောက်မှ သိလာခဲ့ရတယ်။ ဂေးတွေအကြောင်း အရင်တခါ ရေးတော့ ကိုကျော်လို့ နာမည်လွှဲထားပါတယ်။ နိုင်ငံခြားရောက်စ မျက်စိသူငယ် အသိအမြင်မကျယ်သေးတဲ့ ကျနော့ကို ကူညီလမ်းပြပေးတာကြောင့်၊ ဂေးမှန်းသိတော့လည်း ကိုကျော်နဲ့ အခင်အမင်မပျက် ဆက်ပြီး သွားလာနေတာပါပဲ။ (ကိုကျော်ရဲ့ သူငယ်အသစ်လေးလို့ အထင်ခံရတာတော့ ရှိတာပေါ့… :P )

ကိုကျော် ပြောပြတာတစ်ခုကို မှတ်မိသေးတယ်။ သူ့ရှေ့မှာ ဘယ်လောက်လှတဲ့ မိန်းကလေးဖြစ်ဖြစ် ကိုယ်လုံးတီးချွတ်ပြလည်း လုံးဝ စိတ်မလှုပ်ရှားဘူး၊ ရွံရှာသလိုတောင် ဖြစ်မိတယ်တဲ့။ ဒါပေမဲ့၊ ယောက်ျားလေးတွေဆိုရင်တော့ လက်မောင်းသား၊ ပခုံးသား မြင်ရင်တောင် ဖီးလ်တက်တယ်လို့ ပြောပါတယ်။

သူတို့အပေါင်းအသင်းထဲက တစ်ယောက်ကလည်း မြန်မာပြည်မှာ မိန်းမနဲ့ သားနှစ်ယောက်ကို ထားခဲ့ပြီး အလုပ်လုပ်ဖို့ နိုင်ငံခြားကို ထွက်လာရင်း ဗန်ကောက်မှာ ယောက်ျားရနေသတဲ့။ သူ့ယောက်ျားနဲ့ သာယာပျော်ရွှင်စွာ နေထိုင်ရင်း မြန်မာပြည်က မိန်းမနဲ့ သားတွေကိုလည်း ထောက်ပံ့နေတယ်ဆိုတဲ့ ထူးဆန်းတဲ့ ဘဝကိုလည်း အံ့ဩမိတယ်။ သူ့သားတွေနေရာက ဝင်စဉ်းစားပြီး သက်ပြင်းလည်း ရှိုက်မိပါတယ်။

တကယ်တော့ မိန်းမလျာ၊ ယောက်ျားလျာဆိုတာတွေဟာ ဂေါတမဘုရားပွင့်တော်မမူခင် ဘုရားအလောင်း မဟော်သဓာ ကလေးဘဝကတည်းက နပုန်းပဏ္ဍုက် ဆိုပြီး ကျမ်းဂန်လာ ရှိခဲ့တာပဲ။ ဒါပေမဲ့၊ ခုခေတ်ကျမှ အခြောက်တွေ၊ ဂေးတွေ၊ ယောက်ျားလျာတွေ၊ လက်စ်ဘီယန်တွေ၊ LGBTQ တွေကို မြန်မာပြည်မှာ ခွဲခြားဆက်ဆံ ဖိနှိမ်တာ တော်တော်တရားလွန်ပါတယ်။ သူ့ဖာသာ လိင်တူချင်း ချစ်ကြိုက်တာ အပြစ်မရှိဘူးလို့ပဲ မြင်တယ်။ သူ့စိတ်၊ သူ့ခံစားချက်နဲ့ သူ့ဖာသာ ချစ်ချင်တဲ့လူကို ချစ်တာ ဘာအပြစ်လဲ။

အထူးသဖြင့် မြန်မာပြည်မှာ အခြောက်တွေ၊ ဂေးတွေကို လှောင်ပြောင်သရော်တာ၊ နှိမ်ချဆက်ဆံတာ ထုံးစံလို ဖြစ်နေတယ်။ မြန်မာပေါကားတွေဆိုရင် အခြောက်တစ်ယောက်ဖြစ်စေ တခါတလေ အခြောက်တပြုံကြီးနဲ့ဖြစ်စေ ရယ်စရာ ဟာသလုပ်တာ ဇာတ်ကားတိုင်းလိုပဲ။ ခင်စန်းဝင်း၊ မထက်၊ မျိုးကိုကိုစန်းတို့ဆိုရင်လည်း သူတို့ရဲ့ ဓာတ်ပုံတွေရော နာမည်ကိုပါ ရစရာမရှိအောင် ရယ်စရာလုပ်ကြတယ်။ နှိမ်ချကဲ့ရဲ့ကြတယ်။

တချို့ဆရာဝန်တွေကိုယ်တိုင် ဒီအခြောက်တွေကို ကြည့်မရဘူးဆိုတာမျိုးတွေ ပြောကြ၊ ပို့စ်တင်ကြတယ်။ ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲဝင်ပြိုင်ဖို့ ကြိုးစားခဲ့တဲ့ နာမည်ကျော် ဦးနှောက်အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဘင် ကာဆင်တောင် လိင်တူစုံမက်သူတွေဟာ တိရစ္ဆာန်တွေလိုပဲ ပြောမိလို့ ဂွမ်းသွားပြီး ရွေးကောက်ပွဲက နုတ်ထွက်သွားရတယ်လေ။ လိင်တူစုံမက်တာဟာ ကိုယ်ဖြစ်ချင်တာကို ကိုယ့်ဖာသာ ရွေးချယ်မှုပဲလို့ သူပြောလိုက်တာကြောင့် ပွဲဆူသွားခဲ့တယ်။

အများထင်မြင်ယူဆမှု မှားယွင်းနေတာကတော့ အခြောက်တွေဟာ သူတို့ကိုယ်တိုင် မိန်းမလို နေချင်လို့ ယောက်ျားလျာတွေဟာ ယောက်ျားလို နေချင်လို့ ဒီဘဝကို သူတို့ဖာသာ ရွေးချယ်နေထိုင်ကြတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ အမှန်တော့ ဒီဘဝကို သူတို့ဖာသာ ရွေးချယ်တာ မဟုတ်ဘဲ သဘာဝအရ မလွှဲမရှောင်သာ ဖြစ်လာရတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ခေတ်သစ်ဆေးပညာသမိုင်းမှာ သိပ္ပံနည်းကျ လိင်မှုကိစ္စတွေကို ရှေ့ဆောင်လမ်းပြ ရှာဖွေဖော်ထုတ် သုတေသနပြုခဲ့တဲ့ ဒေါက်တာ အဲလ်ဖရက်ဒ် ကင်ဆေတို့ မတိုင်ခင်ကတည်းက လိင်တူဆက်ဆံခြင်းအကြောင်း လေ့လာခဲ့တာတွေ ရှိပါတယ်။ စာရှည်မှာစိုးလို့ ၂၀ ရာစုနှစ်နောက်ပိုင်းကိုပဲ အတိုချုပ်ရင် လိင်တူချစ်ခင်စုံမက်မှု၊ လိင်တူချင်း ကာမဆက်ဆံမှုတို့ဟာ ဟိုမုန်းကြောင့် ဖြစ်ရတယ်ဆိုတဲ့ အယူအဆ၊ မျိုးဗီဇ DNA ကြောင့်ဆိုတဲ့အယူအဆနဲ့ သိပ်မကြာခင်ကတော့ ပတ်ဝန်းကျင်၊ နေထိုင်စားသောက်မှု၊ အာဟာရတွေနဲ့ ပတ်သက်တဲ့ epigenetics ကြောင့်ဆိုတဲ့ အယူအဆတွေကို အလေးထားပြီး လေ့လာသင့်ပါတယ်။ ဒီအယူအဆတွေနဲ့ သုတေသန တွေ့ရှိချက်တွေဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် ဆက်စပ်နေတယ်လို့ ယူဆပါတယ်။

ပထမဆုံးဆွေးနွေးရမှာက ဆရာမကြီး ဒေါက်တာ အက်ဗလင်း ဟွတ်ကာရဲ့ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း သုတေသနတွေ ဖြစ်ပါတယ်။ သူဟာ ကမ္ဘာကျော် ဂျွန် ဟော့ပ်ကင်းစ် ဆေးတက္ကသိုလ်က Ph.D ဒေါက်တာဘွဲ့ရ ကုသမှုဆိုင်ရာစိတ်ပညာပါရဂူပါ။ သူ့ရဲ့ သုတေသနက နှစ်ပိုင်းရှိပြီး ပထမတစ်ခုက ဟိုမုန်းများနဲ့ ပတ်သက်တယ်၊ ဒုတိယပိုင်းက စိတ်ပညာဆိုင်ရာ လေ့လာချက်များ ဖြစ်ပါတယ်။

၁၉၅၆ ခုနှစ်မှာ တင်သွင်းခဲ့တဲ့ သုတေသနပထမပိုင်းမှာ သန္ဓေသားအပေါ် ဟိုမုန်းများရဲ့ အကျိုးသက်ရောက်မှုကို သုတေသနပြုတဲ့အခါ မိခင်လောင်းဟာ ကိုယ်ဝန်ပထမသုံးလပိုင်း (1ˢᵗ trimester) မှာ စိတ်သောကဖိစီးမှု များပြားရင် သန္ဓေသားဆီကို ပို့လွှတ်တဲ့ ဖိုဟိုမုန်း (testosterone) လိုမျိုး အန်ဒရိုဂျင်တွေ အနည်းအများ ဖြစ်စေတယ်။ ယောက်ျားလေးသန္ဓေသားဆီကို ပို့လွှတ်တဲ့ တက်စတိုစတီရုန်းနည်းသွားရင် မိန်းမလျာ ဂေးဖြစ်နိုင်ပြီး၊ မိန်းကလေးသန္ဓေသားဆီကို ပို့လွှတ်တာများရင် ယောက်ျားလျာ လက်စ်ဘီယန် ဖြစ်နိုင်တယ်လို့ သုတေသနမှာ တွေ့ရှိပါတယ်။

သုတေသနမှာ ဓာတ်ခွဲခန်းထဲက ကိုယ်ဝန်ဆောင် ကြွက်မတွေကို စိတ်အေးချမ်းသာ မနေနိုင်၊ မစားမသောက်နိုင်အောင် ဆူညံတဲ့အသံတွေ၊ စူးရှတဲ့မီးရောင်တွေ လုပ်တယ်၊ လှောင်အိမ်ကို လှုပ်ခါတယ်။ စိတ်သောက ဖိစီးပူပန်မှု (stress) ဖြစ်နေအောင် လုပ်ထားတာပါ။

အဲဒီလို စိတ်သောကဖြစ်ခဲ့တဲ့ ကြွက်မတွေက မွေးလာတဲ့ ကြွက်ထီးလေးတချို့ အရွယ်ရောက်လာတော့ ကြွက်မကို တက်ခွဖို့ မကြိုးစားတော့ဘဲ ကြွက်ထီးချင်း ဝပ်ပေးကြတာ တွေ့ရပါတယ်။ (ဒေါက်တာ အက်ဗလင်း ဟွတ်ကာရဲ့ စာထဲမှာ mounting behavior ဆိုတာကို မြန်မာလို တက်ခွတယ်လို့ သုံးမိတာ ရိုင်းသွားရင် ခွင့်လွှတ်ကြပါခင်ဗျာ။)

ဒီသုတေသနအရ ဆက်စပ်စဉ်းစားကြည့်တဲ့အခါ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေကို စိတ်ချမ်းသာပျော်ရွှင်အောင် ဂရုစိုက်ဖို့ အရေးကြီးတာ တွေ့မိတယ်။ ပြည်တွင်းစစ်ဒေသက တိုင်းရင်းသူမိခင်လောင်းတွေ၊ အမြဲစိတ်ဆင်းရဲနေရတဲ့ မိခင်လောင်းတွေ၊ အလုပ်ပင်ပင်ပန်းပန်းလုပ်နေရတဲ့ မိခင်လောင်းတွေဟာ LGBT သားသမီးတွေ မွေးဖွားလာဖို့ အလားအလာများကြောင်း သုံးသပ်နိုင်ပါတယ်။

အမေရိကန် ပြည်ထောင်စု နိုင်ငံတော်ကျန်းမာရေးဌာန (NIH) က ကင်ဆာသုတေသီ ဒေါက်တာ ဒီးန် ဟေမာနဲ့ အဖွဲ့ဟာ ၁၉၉၃ ခုနှစ်မှာ မျိုးဗီဇအမှတ်အသားတစ်ခုနဲ့ လိင်စိတ်ဦးတည်မှု ဆက်စပ်ပုံကို တွေ့ရှိခဲ့ပါတယ်။ X ခရိုမိုဆုမ်းရဲ့ထိပ်ပိုင်းတစ်နေရာမှာ ရှိတဲ့ Xq28 မျိုးဗီဇအမှတ်အသား ပါရှိသူ အမျိုးသားများဟာ ဒီအမှတ်အသား မရှိသူ အမျိုးသားများထက် လိင်တူစုံမက်တဲ့ ဂေး ဖြစ်ဖို့ အလားအလာ ပိုများကြောင်း သုတေသနမှာ တွေ့ရှိခဲ့တယ်။ DNA အမှတ်အသား Xq28 ဟာ အမျိုးသမီးများ ယောက်ျားလျာစိတ် ဝင်ပြီး လက်စ်ဘီယန် ဖြစ်တာကိုတော့ ဆက်စပ်မှုမတွေ့ရှိခဲ့ဘူး။

ကယ်လီဖိုးနီးယားတက္ကသိုလ်၊ ဆန်တာဘာဘရာ (UCSB) က ပါမောက္ခ ဒေါက်တာ ဝီလျမ် ရိုက်စ်ဟာ ၂၀၁၂ ခုနှစ်မှာ သုတေသန တွေ့ရှိချက်ကို ထုတ်ပြန်ခဲ့တယ်။ မျိုးဗီဇရဲ့ DNA အစု (epigenetics) လုပ်ဆောင်မှုတစ်ခုဟာ အန်ဒရိုဂျင် (ဖိုဟိုမုန်း) တွေကို XX fetuses (မိန်းမသန္ဓေသား) ဆီကို လိုတာထက် ပိုမရောက်အောင်၊ XY fetuses (ယောက်ျားသန္ဓေသား) ဆီကို လိုတာထက် မလျော့အောင် ထိန်းချုပ်ပေးတယ်လို့ တွေ့ရှိခဲ့တယ်။ ဒါပေမဲ့၊ အဲဒီလုပ်ဆောင်မှု လွဲမှားချွတ်ချော်ရင် သန္ဓေသားမှာ အန်ဒရိုဂျင် လိုတာပိုတာ ဖြစ်ပြီး လိင်စိတ်လွဲမှားနိုင်တယ်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ ရှီကာဂို အနောက်မြောက်တက္ကသိုလ်က ဒေါက်တာ မိုက်ကယ်လ် ဘေလီဟာ လူတွေမှာ ရှိတဲ့ ခရိုမိုဆုမ်းအတွဲ ၂၃ ခုက DNA အတွဲပေါင်း ၃ ဘီလျံကို စိစစ်ကြည့်တော့ အတွဲနှစ်ခု လွဲမှားချွတ်ချော်ရင် လိင်စိတ်ဦးတည်မှု ပြောင်းလဲပြီး LGBT အဖြစ် မွေးဖွားလာမယ်ဆိုတာ တွေ့ရှိခဲ့တယ်။ မိန်းမလျာ၊ ယောက်ျားလျာဆိုတာ မွေးပြီးမှ ကိုယ့်ဖာသာ ဖြစ်ချင်လို့ ဖြစ်တာမဟုတ်ဘဲ၊ မမွေးခင် သန္ဓေသားဘဝမှာတင် အဲဒီ DNA အတွဲနှစ်ခုကြောင့် သတ်မှတ်ပြီးသား ဖြစ်တယ်လို့ ဒေါက်တာ ဘေလီကဆိုပါတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်၊ လော့စ်အိန်ဂျလိစ် (UCLA) က ဒေါက်တာ တပ်ခ်ငွန်းရဲ့ သုတေသနမှာ epigenetics တွေဟာ လိင်စိတ်ဦးတည်မှုကို ဖြစ်ပေါ်စေကြောင်း ၂၀၁၅ ခုနှစ်မှာ တွေ့ရှိခဲ့တယ်။ Epigenetics ဆိုတာတွေဟာ နေထိုင်တဲ့ ပတ်ဝန်းကျင်၊ အစားအသောက်၊ ပြုမူနေထိုင်ပုံတွေက မျိုးဗီဇအပေါ် လွှမ်းမိုးသက်ရောက်မှုဖြစ်ပါတယ်။ လေထုညစ်ညမ်းမှု၊ ရေမသန့်ရှင်းမှု စတဲ့ ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေ၊ အာဟာရချို့တဲ့မှု၊ စားချိန် အိပ်ချိန်မမှန်တာတွေဟာ သန္ဓေသားရဲ့ လိင်စိတ်ဦးတည်မှုကို ကမောက်ကမ ဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့တယ်။

ဒီသုတေသနကို ဦးဆောင်သူ ဒေါက်တာ တပ်ခ်ငွန်းဟာ မလေးရှား တရုတ်လူမျိုး ဖြစ်ပြီး သူကိုယ်တိုင်လည်း ဂေးဖြစ်ကြောင်း ဝန်ခံထားသူပါ။ သူ့ရဲ့ သုတေသနလုပ်ရာ UCLA ဂက်ဖန် ဆေးတက္ကသိုလ်ကို ငွေကြေးထောက်ပံ့ တည်ထောင်ပေးသူ ဟောလီးဝုဒ်ကုမ္ပဏီများရဲ့ပိုင်ရှင် ဘီလျံနာ ဒေးဗစ် ဂက်ဖန်ဟာလည်း ဂေးတစ်ယောက်ပဲ။

လေထုညစ်ညမ်းမှုဆိုတာ စက်ရုံမီးခိုးခေါင်းတိုင်၊ မော်တော်ကားအိပ်ဇောငွေ့ စတာတွေတင် မဟုတ်ဘဲ ဆေးလိပ်သောက်တာ၊ ဘိန်းရှူတာတွေလည်း ထိပ်ဆုံးကပေါ့။ အရက်သောက်၊ မူးယစ်ဆေးသုံး၊ နေထိုင် စားသောက်မှု မမှန်ရင် သန္ဓေသားရဲ့ မျိုးဗီဇကို ထိခိုက်စေတယ်။

မိခင်ရဲ့ မျိုးဗီဇဟာ သားတွေဆီကို ရောက်ပြီး၊ ဖခင်ရဲ့ မျိုးဗီဇက သမီးတွေဆီကို ရောက်တာမို့ မိခင်၊ ဖခင်တို့ရဲ့ မျိုးဗီဇကြောင့် သန္ဓေသားရဲ့ epigenetics ဖြစ်စဉ်မှာ LGBT ဖြစ်လာအောင် လွှမ်းမိုးပါတယ်။ မိခင်ရော ဖခင်ပါ ကိုယ်စိတ်ကျန်းမာမှ သားသမီးတွေကို မျိုးဗီဇကောင်း ပေးနိုင်မှာပါ။

ဒီလောက် ရှည်ရှည်ဝေးဝေး ရှင်းပြတာက အခြောက်တွေ၊ ဂေးတွေ၊ ယောက်ျားလျာတွေ၊ လက်စ်ဘီယန်တွေဆိုတာ သူတို့ဖြစ်ချင်လို့ ဖြစ်ရတာမဟုတ်ဘဲ၊ သဘာဝအရ အမိဝမ်းကြာတိုက်မှာ သတ်မှတ်ပြီးသား မွေးဖွားလာရသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် သရော်လှောင်ပြောင်တာ၊ နှိမ်ချခွဲခြားဆက်ဆံတာတွေ မလုပ်သင့်ဘူး။ မလုပ်ကြပါနဲ့။

လိင်တူချစ်ခင်စုံမက်မှုနဲ့ ပတ်သက်တဲ့ သုတေသနတွေကို ရှေးဦးလုပ်ဆောင်ခဲ့သူ ဒေါက်တာ အက်ဗလင်း ဟွတ်ကာကတော့ "oppressed and deprived" (အနှိမ်ခံ၊ အပယ်ခံ) တွေ ဖြစ်နေရတယ်လို့ ပြောဆိုခဲ့တယ်။

မြန်မာပေါကားတွေမှ LGBT တွေကို ရယ်စရာ၊ ဟားစရာ အရှက်တကွဲ လုပ်တာတွေဟာ အင်မတန် အောက်တန်းကျပါတယ်။ ဒီပေါကားတွေကြောင့် ပြည်သူလူထုထဲမှာ အမြင်လွဲမှားမှုတွေ ဖြစ်ပေါ်လာတယ်။ ဂေးဆိုရင် အထင်သေးနှိမ်ချစရာ ပေါကြောင်ကြောင်တွေအဖြစ် မြင်နေကြတယ်။ အုံ့ပုန်းဂေးဆိုရင် အားရပါးရ ဖော်ထုတ် ဖွင့်ချပြီး အရှက်ခွဲချင်ကြတယ်။ (အမေရိကားရောက် မြန်မာမင်းသားကိစ္စမျိုးပေါ့။)

တကယ်တော့၊ LGBT တွေထဲမှာ အလွန်ထူးချွန် ထက်မြက်သူတွေ အများကြီး ရှိတယ်။ စတိဗ် ဂျော့ဘ်စ် နောက်ပိုင်း အက်ပယ်လ်ကုမ္ပဏီကို ဦးဆောင်နေသူ တင်မ် ကွတ်ခ်ဟာ ဂေးပါ။ ဂီတလောကမှာ ဘုရင်တစ်ဆူဖြစ်တဲ့ ဗြိတိသျှ ရော့ခ်ကာ ဆာဘွဲ့ရ အယ်လ်တန် ဂျွန်လည်း ဂေးဖြစ်ကြောင်း ဟိုးကတည်းက လူသိရှင်ကြား ကြေညာထားတာပဲ။ အမျိုးသမီးတွေ အသည်းစွဲ MK တံဆိပ် အသုံးအဆောင်ပစ္စည်းတွေ ဖန်တီးထုတ်လုပ်သူ မိုက်ကယ်လ် ခိုးစ်လည်း ဂေးပဲ။ မြန်မာပြည်က ခင်စန်းဝင်းတို့ မထက်တို့လည်း သူတို့လုပ်ငန်းကို အောင်မြင်အောင် စွမ်းဆောင်နေသူတွေပဲလေ။

LGBT ဆိုတာ ဖြစ်ချင်လို့ ဖြစ်ရတာ မဟုတ်ဘဲ သဘာဝတရားရဲ့ စီမံမှုကြောင့် ခုလိုမွေးဖွားလာရတာ ဖြစ်ကြောင်း သိပ္ပံသုတေသနတွေနဲ့ သက်သေပြခဲ့ပါပြီ။ သူတို့တွေရဲ့ စိတ်ရင်းဆန္ဒမှန်ကို သိချင်ရင် ဗန်ကောက်မှာ လိင်ပြောင်းလဲခွဲစိတ်မှု ခံယူပြီးနောက် မထက်ပြောခဲ့တာ ရှိပါတယ်။ "ဒီဘဝနဲ့ ပြီးပါစေတော့။ နောင်ဘဝဆက်တိုင်း ဘယ်တော့မှ အခြောက်မဖြစ်ပါရစေနဲ့" တဲ့။

မထက်ရဲ့ စကားအရ သူ့စိတ် သူ့သဘောနဲ့ အခြောက်ဖြစ်ရတာမဟုတ်ဘဲ မလွှဲမရှောင်သာ ခြောက်ခဲ့ရတာဖြစ်ကြောင်း ထင်ရှားပါတယ်။ သူဖြစ်ချင်လှတဲ့ မိန်းမဘဝ ရောက်အောင် ငွေကြေးအကုန်အကျခံ၊ အသားအနာခံပြီး ခွဲစိတ်ပြောင်းလဲခဲ့ရတယ်။ ခုဘဝ အခြောက်မဖြစ်ချင်သလို နောင်ဘဝတွေမှာလည်း မဖြစ်ပါရစေနဲ့လို့ ဆုတောင်းလိုက်တာမို့ သူတို့တွေအပေါ် နားလည်စာနာစိတ် မွေးနိုင်ကြပါစေ။
———————————————————————————

လွဲမှားတဲ့အယူအဆတွေ ပျောက်ပြယ်ပြီး မြန်မာ့လူ့ဘောင်အသိုင်းအဝိုင်းမှာ LGBT ယဉ်ကျေးမှုကို အသိအမှတ်ပြု နေရာပေးနိုင်ကြဖို့ ရေးလိုက်ရတာ ဖြစ်ပါတယ်။

မြန်မာတွေ သိသင့်တယ်ထင်တဲ့ အချက်တွေကို ရေးလိုက်တာ စာအတော် ရှည်သွားတယ်။ ဒါတောင် ရေးစရာတွေရဲ့ ၁၀ ပုံတစ်ပုံလောက်ပဲ ရှိသေးတယ်။ သိပ္ပံအခေါ်အဝေါ် term တွေကိုလည်း နည်းနိုင်သမျှ နည်းအောင် ရှောင်ပြီး စကားလုံးတွေကို ရှင်းမနေတော့ဘဲ ဒီအတိုင်းရေးလိုက်ရတယ်။ နားရှုပ်သွားရင် တောင်းပန်ပါတယ်။

ကျနော်ဟာ LGBT မဟုတ်သလို ကျနော်တို့ မိသားစုဆွေမျိုးတွေထဲမှာလည်း မရှိပါဘူး။ သူငယ်ချင်း၊ အသိမိတ်ဆွေတွေထဲမှာ မိန်းမစိတ်ဝင်နေတဲ့ ဂေးတွေ၊ ယောက်ျားဆန်ဆန် လက်စ်ဘီယန်တွေ အနည်းအကျဉ်း ရှိတယ်။ သူတို့အပေါ်မှာ ထိုက်သင့်တဲ့ လေးစားနေရာပေးမှု၊ ပြောဆိုဆက်ဆံမှု ရှိစေချင်လို့ လေ့လာထားတာလေးတွေ ပြန်ရေးလိုက်ရတာပါ။

Comments

Popular posts from this blog

နိုင်ငံရေးဘောင်မရှိ၍စစ်ရေးဘောင်ကျယ်သထက်ကျယ်လာခြင်း

အလွန်တန်ဖိုးရှိသော စောဘဦးကြီး၏ သမိုင်းဝင်စကား Unicode

မွန်-ကရင်အတူလက်တွဲခဲ့ကြသော အတိတ်ကတော်လှန်ရေးသမိုင်း